စာသင်ခန်း ပြတင်းပေါက်မှ ဖြတ်တိုက်လာသော လေညင်းက အေးမြနေသော်လည်း အတန်းထဲတွင်မူ ဆယ်ကျော်သက်များ၏ ရယ်မောသံများဖြင့် ဆူညံလျက်ရှိသည်။ အနားယူချိန် ဖြစ်သဖြင့် ဟာဂျွန်းသည် အခြားသူငယ်ချင်းများနှင့် ဝိုင်းဖွဲ့ကာ စနောက်နေမိသည်။ သူတို့ပြောသမျှကို လိုက်ရယ်နေရင်းက ဟာဂျွန်း၏ အကြည့်တို့က အခန်းထောင့်ရှိ လွတ်နေသော ခုံအလွတ်တစ်ခုဆီသို့ အလိုလို ရောက်သွားခဲ့သည်။
မင်းဂျယ်...။ အမြဲတမ်း ခေါင်းငုံ့ပြီး တစ်ယောက်တည်း ထိုင်နေတတ်သော ထိုကောင်လေး တစ်ယောက်လုံး မရှိတာကို အတန်းထဲက ဘယ်သူမှ သတိမထားမိကြချေ။
"ဟာဂျွန်း... မင်း ဘာတွေ ငေးနေတာလဲ"
သူငယ်ချင်းတစ်ယောက်၏ လှမ်းခေါ်သံကြောင့် ဟာဂျွန်း သတိပြန်ဝင်လာပြီး အတင်းအကြပ် ပြုံးပြလိုက်မိသည်။ သို့သော် ရင်ထဲတွင်မူ အကြောင်းပြချက်မရှိဘဲ တနုံ့နုံ့နှင့် စိုးရိမ်စိတ်က ဝင်ရောက်လာသည်။ စိတ်ထဲမတင်မကျဖြစ်မှုနှင့်အတူ ဟာဂျွန်း ခုံမှ ထရပ်လိုက်မိစဉ်မှာပင်—
"ဝုန်း...!!"
ပြင်းထန်ပြီး လေးလံသော အရာတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံကြီးက ကျောင်းဝင်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ စက္ကန့်ပိုင်းမျှ ငြိမ်သက်သွားပြီးနောက်—
"ဟာ...!! ဟိုမှာ... လူ... လူတစ်ယောက် ပြုတ်ကျလာတာ...!!"
"သွေးတွေ... သွေးတွေ အများကြီးပဲ...!!"
ကျောင်းဆောင်အောက်ထပ်ဆီမှ စူးစူးဝါးဝါး အော်ဟစ်သံများနှင့်အတူ ဝရုန်းသုန်းရင် ဖြစ်သွားသည့် ခြေသံများက စာသင်ခန်းထဲအထိ ပျံ့လွင့်လာသည်။ တစ်ကျောင်းလုံး ရှိသမျှ ကျောင်းသားများက ဆူညံစွာဖြင့် အောက်ထပ်သို့ ဝရုန်းသုန်းရင် ပြေးဆင်းသွားကြသလို၊ ဟာဂျွန်းတို့ အုပ်စုလည်း လူအုပ်နောက်သို့ လန့်ဖျန့်စွာ လိုက်ပါသွားခဲ့ကြသည်။
ကျောင်းဆောင်ရှေ့ ကွင်းပြင်တွင်မူ လူအုပ်ကြီးက ဝိုင်းအုံနေပြီ ဖြစ်သည်။
"ဘယ်သူလဲဟင်..."
"မသိဘူး... ကျောင်းဝတ်စုံနဲ့... ခေါင်မိုးပေါ်က ခုန်ချလိုက်တာတဲ့..."
တိုးတိုးတိတ်တိတ် ရေရွတ်သံများကို ကြားရသည်တွင် ဟာဂျွန်း၏ ခြေလှမ်းများ တုန့်ခနဲ ဖြစ်သွားသည်။ နှလုံးခုန်သံတို့က နားထင်သို့ ဆောင့်တက်လာပြီး အသက်ရှူရ ခက်ခဲလာသည်။ 'မဖြစ်နိုင်တာ' ဟု စိတ်ထဲက တဖွဖွ ရေရွတ်ရင်း လူအုပ်ကြီးကို အတင်းတိုးဝှေ့ကာ ရှေ့ဆုံးသို့ ထွက်ကြည့်မိလိုက်သည်။
ရှေ့ဆုံးသို့ ရောက်သွားသည့်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဟာဂျွန်း၏ ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်သွားသလို ခံစားလိုက်ရသည်။
အေးစက်နေသော ကွန်ကရစ် ကြမ်းပြင်ထက်တွင် မှောက်ရပ် အနေအထားဖြင့် လဲလျောင်းနေသော ကောင်လေးတစ်ယောက်။ ထိုကောင်လေး၏ ခန္ဓာကိုယ်အောက်မှ စီးကျလာသော လတ်ဆတ်သည့် သွေးနီရောင် အိုင်ကြီးက ဟာဂျွန်း၏ ခြေဖျားနားအထိ ပျံ့နှံ့လာနေသည်။
ရုန်းကန်လှုပ်ရှားမှု မရှိတော့ဘဲ ငြိမ်သက်နေသည့် ထိုကျောပြင်လေးနှင့် တစ်စစီ ကြေမွသွားသော ပုံရိပ်ကို ဟာဂျွန်း ကောင်းကောင်း မှတ်မိနေသည်။ စုတ်ပြဲနေသည့် အင်္ကျီလက်မောင်းပေါ်က အမည်တံဆိပ်လေးက သွေးအိုင်ကြားတွင် နစ်မြုပ်လုနီးပါး ဖြစ်နေသော်လည်း ထင်ရှားစွာ မြင်နေရဆဲပင်...။
'ကင်မ်မင်းဂျယ်'
သူ့လက်ဖြင့် ကိုယ်တိုင် တွန်းပို့ခဲ့သော၊ တစ်ချိန်က သူ့အချစ်ဆုံး သူငယ်ချင်းလေးက အသက်မဲ့စွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ပြီ ဖြစ်သည်။ ဟာဂျွန်း၏ နှုတ်ခမ်းများ တုန်ရီလာပြီး အသံတို့က လည်ချောင်းဝတွင်တင် ပိတ်ဆို့သွားခဲ့ရတော့သည်။
မနက်ခင်း နေရောင်ခြည်က ပုံမှန်အတိုင်း တောက်ပနေဆဲဖြစ်သော်လည်း ကျောင်းသို့ လာရာလမ်းတစ်ခုလုံးကတော့ ဟာဂျွန်းအတွက် အရင်လို မဟုတ်တော့ချေ။
စက်ဘီးပတ်ဒါကို နင်းနေရင်း ဟာဂျွန်း အနောက်ခုံဆီသို့ လှည့်ကြည့်မိသည်။ အမြဲတမ်း သူ့အင်္ကျီစကို ဆွဲပြီး လိုက်ပါလာတတ်သော ကောင်လေး မရှိတော့သဖြင့် စက်ဘီးနောက်ခုံက ဟာလာဟင်းလင်း ဖြစ်နေသည်။ အမှန်တော့ သူတို့နှစ်ယောက် အတူတူ ကျောင်းမလာဖြစ်ကြသည်မှာ တစ်လနီးပါးပင် ရှိခဲ့ပြီ။
လွန်ခဲ့သော တစ်လက မနက်ခင်းတစ်ခုကို ဟာဂျွန်း ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်သည်။ အဆမတန် အစောကြီး နိုးလာသဖြင့် လမ်းဘေးဆိုင်လေးတစ်ခုတွင် ဖက်ထုပ်အတူစားရင်း အင်တာနက်ပေါ်က ဟာသဗီဒီယိုတစ်ခုအကြောင်း ပြောကာ နှစ်ယောက်သား တဟားဟား ရယ်မောခဲ့ကြဖူးသည်။
"ဟေ့ကောင် မင်းဂျယ်... အဲဒီ ဗိုက်ပူပူ ခပ်ဝဝလူကြီးက သူ့ဗိုက်ကြီးကို လှုပ်ခါပြပြီး ဖက်ထုပ်တွေကို အငမ်းမရ စားပြတာ တကယ် ရယ်ရတယ်မလား"
သူ ပြောသမျှကို ပါးချိုင့်လေးတွေ ပေါ်လာသည်အထိ လိုက်ရယ်နေခဲ့သော မင်းဂျယ်။ အဲဒီမနက်ခင်းက မင်းဂျယ်နှင့်အတူ တူတူရယ်မောခွင့်ရခဲ့သည့်၊ တူတူကျောင်းလာခွင့်ရခဲ့သည့် "နောက်ဆုံးသော နေ့" ဖြစ်လာလိမ့်မည်ဟု ဟာဂျွန်း ထိုစဉ်က အိပ်မက်ပင် မမက်ခဲ့မိချေ။
ကျောင်းသို့ ရောက်သောအခါ ဟာဂျွန်း သက်ပြင်းတစ်ချက်ချရင်း လော့ကာဗီဒိုကို ဖွင့်လိုက်သည်။ သို့သော် သူ့မျက်လုံးတို့က ဘေးနားရှိ မင်းဂျယ်၏ ဗီဒိုလေးဆီသို့ အလိုလို ရောက်သွားခဲ့သည်။ ဗီဒိုတံခါးက သော့ခတ်လျက်သား ရှိနေသော်လည်း၊ ယခင်နှင့်မတူဘဲ ဗီဒိုမျက်နှာပြင်ထက်တွင် ကျောင်းသားများ၏ ရိုင်းစိုင်းသော လှောင်ပြောင်စာများနှင့် ကျိန်ဆဲစာများက မှင်ဖျက်ရခက်သော ကလောင်များဖြင့် ပြည့်နှက်နေသည်။ ထိုအရာများကို မြင်ရသည်တွင် ဟာဂျွန်း ရင်ဘတ်ထဲက တင်းကျပ်လာရသည်။
စာသင်ခန်းထဲ ရောက်တော့လည်း အခြေအနေက ထူးမခြားနား။ ဆရာမက ရှေ့ကနေ စာပြနေသော်လည်း ဟာဂျွန်း၏ စိတ်က စာထဲမှာ မရှိချေ။ ဘေးနားက မင်းဂျယ်၏ ခုံအလွတ်လေးကို ကြည့်မိတိုင်း အသက်ရှူရ ခက်ခဲလာသဖြင့် ပြတင်းပေါက် အပြင်ဘက်သို့သာ အကြည့်လွှဲလိုက်မိသည်။
ပြတင်းပေါက်မှတစ်ဆင့် လှမ်းမြင်နေရသော ကျောင်းဘောလုံးကွင်း။ အဲဒီကွင်းပြင်ကျယ်ထဲမှာ မင်းဂျယ်နှင့်သူ ချွေးတပြိုက်ပြိုက်ဖြင့် ဘောလုံးအတူဆော့ခဲ့ဖူးသည်။ လဲကျသွားတိုင်း လက်တွဲထူပေးခဲ့ဖူးသည်။
သို့သော်... ယခုမူ ထိုပုံရိပ်များကို အတိတ်ဟောင်းအဖြစ်သာ မြင်ယောင်နိုင်တော့သည်။ ကမ္ဘာပေါ်မှာ မင်းဂျယ်ဆိုတဲ့ ကောင်လေးကို သူ ဘယ်တော့မှ ထပ်ပြီး တွေ့နိုင်တော့မည် မဟုတ်ချေ။
ပြီးတော့... ထိုကောင်လေးကို သေကြောင်းကြံစည်မိအောင်အထိ ကောက်ရိုးတစ်မျှင်ချင်းစီ တင်ပြီး ဖိအားပေးခဲ့သည်က အခြားသူမဟုတ်၊ သူကိုယ်တိုင်ပင် ဖြစ်သည်။ လမ်းခွဲတစ်ခုကို စတင်ခဲ့တဲ့ ထိုနေ့က ရန်ပွဲလေးမှာ သူသာ အမုန်းတရားတွေ ရှေ့မတင်ဘဲ မာနကို လျှော့ခဲ့ရင်... မင်းဂျယ်ကို သူကိုယ်တိုင် ကျောင်းသားတွေကြားထဲ တွန်းမပို့ခဲ့ရင်... အခုလို ဖြစ်လာမှာ မဟုတ်ဘူးဟူသော အတွေးက ဟာဂျွန်း၏ ရင်ဝကို ဓားနှင့်မွှန်းနေသကဲ့သို့ ခံစားရစေသည်။
"ငါ့ကြောင့်... ငါ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ မာနတွေကြောင့် မင်း သေရတာ... အားလုံးက ငါ့အမှားတွေပဲ... မင်းဂျယ်..."
ဟာဂျွန်းသည် စားပွဲခုံပေါ်သို့ ခေါင်းငုံ့ချလိုက်ရင်း ဘယ်သူမှမကြားနိုင်မည့် တိုးတိတ်သော အသံဖြင့် ရှိုက်ကြီးတငင် ရေရွတ်နေမိတော့သည်။
မင်းဂျယ်နဲ့ ကျွန်တော် ပထမဆုံး ဆုံတွေ့ခဲ့တာက အလည်တန်း ဒုတိယနှစ်ရဲ့ ကျောင်းတက်ရက် ပထမဆုံးနေ့မှာ ဖြစ်ပါတယ်။
အတန်းပိုင်ဆရာမက အတန်းထဲကို ကျောင်းသားသစ်တစ်ယောက် ခေါ်လာပြီး မိတ်ဆက်ပေးတဲ့အချိန်မှာ အတန်းထဲက ကျောင်းသားတွေအားလုံး ဟင်ခနဲ အံ့သြတကြီး ဖြစ်သွားကြတယ်။ ကိုရီးယားနဲ့ ဂျာမနီ ကပြားတစ်ယောက်ဖြစ်တဲ့ မင်းဂျယ်ရဲ့ သဘာဝအတိုင်း ဖျော့တော့တော့ ဆံပင်အလင်းရောင်ရယ်၊ ဖြူစွတ်နေတဲ့ အသားအရေရယ်က စာသင်ခန်းထဲမှာ ထူးခြားပြီး လှပလွန်းနေခဲ့လို့ပါ။ အထူးသဖြင့် သူ့ရဲ့ ညာဘက်နားရွက်မှာ ဝတ်ဆင်ထားတဲ့ အပြာရောင် ကျောက်နားကပ်သေးသေးလေးက နေရောင်အောက်မှာ လင်းခနဲ ဖြစ်သွားတာကို ကျွန်တော် သေသေချာချာ သတိထားမိလိုက်တယ်။
ဆရာမက သူ့ကို နေရာချပေးဖို့ အတန်းထဲကို ဝေ့ဝဲကြည့်တဲ့အချိန်မှာ မင်းဂျယ်နဲ့ ကျွန်တော် အကြည့်ချင်း ဆုံသွားခဲ့ကြတယ်။ ဒါပေမဲ့ သူက ချက်ချင်းပဲ အကြည့်လွှဲလိုက်ပြီး သူ့နေရာမှာ ဝင်ထိုင်ခဲ့တယ်။
ကျောင်းရဲ့ စပွန်ဆာသူဌေးသားဖြစ်တဲ့ ကျွန်တော့်နားမှာတော့ ဘယ်သူမဆို မျက်နှာလိုမျက်နှာရနဲ့ ဖားပြီး ပေါင်းချင်ကြတာချည်းပါပဲ။ ကျွန်တော့်မျက်နှာသာရရင် ကျောင်းမှာ အခွင့်ထူးခံရပြီး၊ ကျွန်တော်နဲ့ ရန်စရှိရင် အခြားကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို ခံရတတ်တာမို့ လူတိုင်းက ကျွန်တော့်အကြိုက်ကို လိုက်ပြီး ဟန်ဆောင်ပေါင်းခဲ့ကြတာ။ အဲဒီလို ဟန်ဆောင်မှုတွေ ပြည့်နှက်နေတဲ့ ပျင်းစရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော့်ကို ပထမဆုံး အကြည့်လွှဲပြီး ရှောင်သွားတဲ့ မင်းဂျယ်က ကျွန်တော့်အတွက် ထူးထူးခြားခြား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်ပဲ ကျောင်းတက်ရက် ပထမဆုံးနေ့မှာတင် ကျွန်တော် မင်းဂျယ်ရဲ့ ခုံနားကို သွားပြီး နေ့လည်စာ အတူတူစားဖို့ အစပြု ဖိတ်ခေါ်ခဲ့မိတယ်။ မင်းဂျယ်က ကျွန်တော့်ကို ခဏမျှ စိုက်ကြည့်ပြီးမှ ခေါင်းငြိတ်လက်ခံခဲ့ပါတယ်။
ကျောင်းကန်တင်းမှာ ထမင်းအတူစားရင်း သူက ဂျာမနီကနေ ပြီးခဲ့တဲ့လကမှ ပြောင်းလာတာမို့ ကိုရီးယားက သူ့အတွက် စိမ်းနေသေးကြောင်း သိုးသိုးသန့်သန့်လေး ပြောပြရှာတယ်။ စကားပြောရင်း ဟင်းထဲက မုန်လာဥနီတွေကို မကြိုက်လို့ ဖယ်ထုတ်နေတဲ့ သူ့ပုံစံလေးက ကလေးတစ်ယောက်လိုပါပဲ။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ ဆော့တတ်တဲ့ ကွန်ပျူတာဂိမ်းတွေ၊ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေအကြောင်း စကားစပ်မိရင်း ပထမဆုံးနေ့မှာတင် မထင်မှတ်ဘဲ သက်တောင့်သက်သာနဲ့ ရင်နှီးသွားခဲ့ကြတယ်။ သမိုင်းနာရီတုန်းက အတန်းထဲမှာ ဒိုဟွန်းတစ်ယောက် အိပ်ငိုက်ပြီး ယောင်ရာကနေ ခုံပေါ်က ပြုတ်ကျသွားတာကို ပြန်ပြောပြီး နှစ်ယောက်သား တဟားဟား ရယ်မောဖြစ်ခဲ့ကြသေးတယ်။
"မနက်ဖြန် ကျောင်းဆင်းရင် မင်း ငါနဲ့ တော့ပုကီ သွားစားမလား? ကိုရီးယားရောက်ကတည်းက ငါ တကယ် စမ်းစားကြည့်ချင်နေတာ"
မင်းဂျယ်ရဲ့ ဖိတ်ခေါ်ချက်ကြောင့် နောက်တစ်နေ့ ကျောင်းဆင်းတော့ ကျွန်တော့်စက်ဘီးလေးနဲ့ ကျောင်းရှေ့က တော့ပုကီဆိုင်ကို အတူတူ သွားခဲ့ကြတယ်။ အံ့သြဖို့ကောင်းတာက အသားဖြူဖြူနုနုလေးနဲ့ မင်းဂျယ်က အစပ် တော်တော်စားနိုင်တာပဲ။ တော့ပုကီကို မြိန်ရေယှက်ရေ စားရင်း မျက်ရည်တွေ ဝဲလာတဲ့အထိ စပ်နေတာတောင် "ငါ တကယ် အရမ်းကြိုက်တယ်" လို့ တတွတ်တွတ် ပြောနေသေးတာ။
စပ်လွန်းလို့ နားရွက်ကလေးတွေ ရဲတက်လာတဲ့ မင်းဂျယ်ကို ကြည့်ရင်း၊ သူ့ရဲ့ ညာဘက်နားက အပြာရောင် ကျောက်နားကပ်လေးကို ကျွန်တော် လက်လှမ်းပြီး မရည်ရွယ်ဘဲ ကိုင်မိသွားတယ်။ မင်းဂျယ်က ဆတ်ခနဲ ဖြစ်မသွားဘဲ ကျွန်တော့်ကို ငေးကြည့်ရင်း တိုးတိုးလေး ပြောပြတယ်။
"အဲဒါ... ငါ့အမေ ဝတ်ခဲ့ဖူးတဲ့ နားကပ်လေးလေ။ ငါ ၅ နှစ်သမီးအရွယ်တုန်းက ဂျာမနီမှာ အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့တာ။ ဒါက အမေပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်မို့ တစ်ဖက်ကို သေသေချာချာ သိမ်းထားပြီး၊ ကျန်တဲ့တစ်ဖက်ကိုပဲ ငါ အမြဲ ဝတ်ထားတာ..."
"ဂျာမနီကို လွမ်းလား..." လို့ ကျွန်တော် မေးမိတော့ "အထူးသဖြင့် အဖွားကို လွမ်းတာပေါ့" လို့ သူက ဝမ်းနည်းရိပ်သန်းစွာနဲ့ ဖြေခဲ့တယ်။ ခုတော့ အသက် ၁၆ နှစ်အရွယ်မှာ သူ့အဖေက ကိုရီးယားအမျိုးသမီးတစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုတဲ့အတွက် ကိုရီးယားကို အပြီးပြောင်းလာခဲ့ရတာတဲ့။
တော့ပုကီဆိုင်က ထွက်လာတော့ လမ်းနှစ်လမ်းစာပဲ ဝေးတဲ့ မင်းဂျယ်တို့ အိမ်ဆီကို ကျွန်တော့်စက်ဘီးလေးနဲ့ လိုက်ပို့ပေးခဲ့တယ်။ သပ်သပ်ရပ်ရပ်ရှိလှတဲ့ ခြံဝင်းလေးအရှေ့ ရောက်တဲ့အခါ မင်းဂျယ်က စက်ဘီးပေါ်က ဆင်းပြီး သူ့အိတ်ထဲက စတော်ဘယ်ရီ အရသာ စုပ်လုံးလေးတစ်ခုကို ကျွန်တော့်လက်ထဲ ထည့်ပေးခဲ့တယ်။
"ငါ မင်းနဲ့ သူငယ်ချင်းဖြစ်ရတာ တကယ် သဘောကျတယ်... ဟာဂျွန်း..."
သူ့စကားကြောင့် ကျွန်တော် ပြုံးမိစဉ်မှာပဲ ခြံထဲကနေ ကြက်သွေးရောင် ပိုးသားအိမ်တွင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ထွက်လာခဲ့တယ်။ မင်းဂျယ်ရဲ့ မိထွေးလို့ ယူဆရတဲ့ ထိုအမျိုးသမီးက တော်တော်လေး လှပသော်လည်း သူမရဲ့ အပြုံးတွေကတော့ တစ်မျိုးကြီးပဲ။
"အယ်... တို့ရဲ့ မင်းဂျယ်လေး ဒီနေ့ နောက်ကျတယ်နော်။ ဒါက ဘယ်သူလဲ... သူငယ်ချင်းလား? နေသားကျတာ မြန်သားပဲ... သူငယ်ချင်းတောင် ရနေပြီလား..."
ထိုအမျိုးသမီးရဲ့ ချိုသာလွန်းနေတဲ့ စကားသံကို ကြားလိုက်ရတဲ့ ခဏမှာပဲ မင်းဂျယ်ရဲ့ မျက်နှာပေါ်က တောက်ပနေတဲ့ အပြုံးတွေက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တယ်။
"ခင်ဗျားနဲ့ မဆိုင်ပါဘူး..."
မင်းဂျယ်က အေးစက်စက် လေသံဖြင့် ပြတ်ပြတ်သားသား တုံ့ပြန်ပြီး ထိုအမျိုးသမီးကို လျစ်လျူရှုကာ အိမ်ထဲသို့ ခေါင်းငုံ့ပြီး ဝင်သွားခဲ့တယ်။ အိမ်အပြန်လမ်းမှာ စက်ဘီးစီးရင်း ကျွန်တော် တွေးနေမိတာက အဲဒီအမျိုးသမီးရဲ့ မျက်လုံးတွေအကြောင်းပဲ။ တစ်မျိုးကြီး မရိုးသားသလို၊ သွေးအေးပြီး မူမမှန်တဲ့ ခံစားချက်ကြီးကို ပေးစွမ်းနေတယ်။
ကျွန်တော် ဘောင်းဘီအိတ်ထဲက မင်းဂျယ်ပေးခဲ့တဲ့ စတော်ဘယ်ရီ စုပ်လုံးလေးကို ထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်မိတယ်။ ပုံမှန်ဆို အချို အရမ်းမုန်းတဲ့ ကျွန်တော့်အတွက် ဒီနေ့မှ ဒီစတော်ဘယ်ရီအရသာက ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှုရှိပြီး ကောင်းနေရတာလဲ။
ခုနက စားခဲ့တဲ့ တော့ပုကီ အစပ်ဒဏ်ကြောင့်ပဲလား...။ ဒါမှမဟုတ်... ကျွန်တော့်ရဲ့ အထီးကျန်လှတဲ့ ဘဝထဲမှာ ပထမဆုံးအကြိမ်အဖြစ် 'သူငယ်ချင်းစစ်' လို့ ခံစားရစေမယ့် နွေးထွေးတဲ့သူတစ်ယောက်ကို ဆုံတွေ့လိုက်ရလို့လား ဆိုတာကိုတော့... ကျွန်တော် ကိုယ်တိုင်လည်း သေချာမသိခဲ့မိချေ။
စျာပနခန်းမတစ်ခုလုံး မီးခိုးငွေ့တွေနဲ့ လေးလံထိုင်းမှိုင်းလို့ နေခဲ့တယ်။
ကျွန်တော် နေရာကနေ တစ်ချက်ကလေးမှ မလှုပ်မယှက်ဘဲ ထိုင်နေမိတယ်။ အရာအားလုံးက အိပ်မက်ဆိုးတစ်ခုလို... လက်ခံဖို့၊ ယုံကြည်ဖို့ ကျွန်တော့်ရဲ့ အသိစိတ်တွေက အကြောက်အကန် ငြင်းဆန်နေတုန်းပဲ။ ကျွန်တော့်ရဲ့ အသက်မဲ့နေတဲ့ လက်ဖဝါးထဲမှာတော့... မင်းဂျယ် အမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ 'အပြာရောင် ကျောက်နားကပ်လေး' တစ်ဖက်က အေးစက်စွာ ရှိနေတယ်။ ရင်ဘတ်တစ်ခုလုံး ဓားနဲ့ အမွှန်းခံထားရသလို ဆို့နင့်ပြည့်ကျပ်နေပေမဲ့... မျက်ရည်ကတော့ အစက်ချလို့မရအောင် ခြောက်ကပ်လို့နေခဲ့ပြီ။
အဲဒီအချိန်မှာပဲ အခန်းဝကနေ ဒိုဟွန်းနဲ့အတူ ယူအွန်ချယ် ဝင်လာခဲ့ကြတယ်။ အွန်ချယ်က ကျွန်တော့်ကို မြင်မြင်ချင်း မုန်းတီးလွန်းလှတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ရင်း ငိုကြွေးတော့တာပဲ။
"ပတ်ခ်ဟာဂျွန်း... နင် အခုတော့ ကျေနပ်ပြီလား! သူ မရှိတော့ဘူး... နင် အခု ပျော်ပြီလား!"
သူမက ကျွန်တော့်ဆီ တုန်တုန်ရီရီနဲ့ ပြေးလာပြီး အင်္ကျီကော်လာစကို ဆွဲကာ အနားကပ်ပြီး ဆို့နင့်စွာ အော်ဟစ်တယ်။
"ဘယ်သူကမှ မဟုတ်ရင်တောင်... နင်တို့နှစ်ယောက်ကတော့ သူ အနိုင်ကျင့်ခံနေရတဲ့အချိန်မှာ သူ့ဘက်က ရှိနေပေးသင့်တာ မဟုတ်ဘူးလား! သူ့မှာ ဘယ်လောက်ထိ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရလဲ... နင် သိလား!"
ကျွန်တော် ဆွံ့အလျက် ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ခင်မှာပဲ... အွန်ချယ်က ကျွန်တော့်မျက်နှာနားကို ပိုကပ်ပြီး တိုးတိုးလေး ရှိုက်ငိုရင်း ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်တစ်ကိုယ်လုံး သွေးခဲသွားသလို ခံစားလိုက်ရတယ်။
"သူ... နင့်ကို သဘောကျနေခဲ့တာလေ..."
ထိုစကားကို ပြောပြီး အွန်ချယ်က ခန်းမထောင့်တစ်နေရာမှာ ထိုင်ချရင်း ဒူးခေါင်းကိုပိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့တယ်။ တစ်ဖက်မှာလည်း ဒိုဟွန်းက ကျွန်တော့်ဘေးမှာ ဘာမှမတတ်နိုင်စွာ ငြိမ်ငြိမ်လေး ထိုင်ချရင်း ညည်းတွားရှာတယ်။
"အချိန်တစ်ခုလောက် နေရင် ငါတို့ အရင်လို ပြန်အဆင်ပြေသွားမယ် ထင်တာ။ ငါ သူ့ကို သန်မာတယ် ထင်ခဲ့တာ... သူက အမြဲ ပြုံးနေခဲ့တာမလို့...။ ငါတို့တွေ တကယ် အသုံးမကျခဲ့တာပဲ..."
ကျွန်တော် ဘာစကားမှ အာမေဒိတ်မပြုနိုင်ခင်မှာပဲ... ကျွန်တော့်အနားကို မင်းဂျယ်ရဲ့ မိထွေးဖြစ်သူ ရောက်ရှိလာခဲ့တယ်။ သူမက ကလေးတစ်ယောက်လို ငိုယိုနေတာလို့ သူတစ်ပါးအမြင်မှာ ထင်ရပေမဲ့... ကျွန်တော့်ကို ကြည့်နေတဲ့ သူမရဲ့ မျက်နှာပေးကတော့ ပျော်ရွှင်ကျေနပ်နေပုံမျိုး။
"မင်းက အဲဒီကလေးမလား... မင်းဂျယ်ရဲ့အနားမှာ အမြဲရှိနေတတ်တဲ့ကလေး..." သူမက ဖောင်းကြွနေတဲ့ သူမရဲ့ ဗိုက်ကို ကိုင်ကြည့်ရင်း ခနဲ့တဲ့တဲ့ ရယ်မောတယ်။ "ငါတို့ရဲ့ မင်းဂျယ်လေးက ဘယ်လောက်သနားစရာကောင်းလဲ... သူ့ကိုယ်သူ အဆုံးစီရင်တဲ့အထိ ဖြစ်ရတယ်လို့။ သူ့ရဲ့ ညီလေး မွေးလာတာကိုတောင် သူ မစောင့်နိုင်ရှာဘူး..."
ပြီးတော့ သူမက ကျွန်တော့်နားကို ထပ်ပြီး တိုးကပ်လာကာ ခြိမ်းခြောက်တဲ့ လေသံအေးအေးနဲ့ စကားတစ်ခွန်းကို ဆိုလာခဲ့တယ်။
"အဲဒီနေ့မတိုင်ခင် ညက... သူ ငါ့ရှေ့မှာ ငိုယိုပြီး တောင်းပန်ခဲ့တာလေ။ မင်းတို့နှစ်ယောက်ရဲ့ အနမ်းက... သူ့ဘက်ကပဲ စခဲ့တာပါတဲ့၊ မင်းက ဒီတိုင်း သူနမ်းတာကို ခံလိုက်ရတာပါတဲ့...။ အဲဒီကိစ္စကြောင့် သူ့အဖေ ဘယ်လောက်တောင် ဒေါသထွက်ပြီး သူ့အပေါ် အပြစ်တွေ ပုံချခဲ့လဲ... မင်း သိလား?"
"ခင်ဗျား...!!! ခင်ဗျား အဲဒီအနမ်းအကြောင်းကို ဘယ်လိုသိတာလဲ!!!"
ကျွန်တော် အကြီးအကျယ် လန့်ဖျတ်သွားပြီး ဒေါသတွေ တလိပ်လိပ် ထွက်လာကာ အော်ဟစ်မိတော့တယ်။ ထိုအမျိုးသမီးကတော့ တည်ငြိမ်စွာပဲ "ငါက သိလို့မရဘူးလား..." ဟု ခပ်ရော်ရော် ပြန်ပြောတယ်။
"ခင်ဗျား... ဒီတစ်လျှောက်လုံး မင်းဂျယ်ကို ဘယ်လောက် အနိုင်ကျင့်ခဲ့လဲ ကျွန်တော် မသိဘူး ထင်နေလား! မင်းဂျယ်ရဲ့ အဖေရော သိလား? မသိဘူးမလား! ကျွန်တော် အခုပဲ အကုန်လုံးကို အော်ပြောပြရမလား!"
ကျွန်တော့်ရဲ့ ဒေါသတကြီး အော်ဟစ်သံကြောင့်... အဝေးတစ်နေရာက မင်းဂျယ်အဖေရဲ့ အတွင်းရေးမှူးဖြစ်သူက စိတ်ဝင်တစားနဲ့ လှည့်ကြည့်လာခဲ့တယ်။ အခြေအနေ မဟန်တော့မှန်း သိလိုက်တဲ့ မိထွေးက ချက်ချင်းပဲ မျက်နှာပြောင်းကာ လူအများရှေ့မှာ ဟန်ဆောင်ငိုပြရှာတော့တယ်။
"ကျမ... ကျမသားလေးရဲ့ စျာပနမှာ လာပြီး သောင်းကျန်းမနေပါနဲ့ကွယ်။ မင်းတို့အကုန်လုံး ငါ့သားလေးကို အနိုင်ကျင့်ခဲ့ကြတာမလား... သွား... သူ့ကို အပြင် ဆွဲထုတ်သွားကြစမ်းပါ!"
ကျွန်တော် ဘယ်သူမှ လာမဆွဲထုတ်ခင်မှာပဲ စျာပနခန်းမထဲကနေ ကိုယ့်ဘာသာကိုယ် လှည့်ထွက်လာခဲ့တယ်။ ထွက်မသွားခင်... ထိုမိန်းမယုတ်ကို သေမတတ် မုန်းတီးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး တိုးတိုးနဲ့ ပြတ်ပြတ်သားသား ခြိမ်းခြောက်ခဲ့မိတယ်။
"ခင်ဗျား မကြာတော့ဘူး... ခင်ဗျားရဲ့ ပျော်စရာ နေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်..."
စျာပနခန်းမရဲ့ အပြင်ဘက် တိတ်ဆိတ်တဲ့ ထောင့်တစ်နေရာမှာ... ကျွန်တော် ဆေးလိပ်တစ်လိပ်ကို အငမ်းမရ ဖွာရှိုက်နေမိတယ်။ နှလုံးသားထဲက အပူတွေကို မှုတ်ထုတ်ပစ်ချင်ပုံမျိုးနဲ့။
"နင်က ဘယ်အရွယ်မလို့... ဆေးလိပ်သောက်နေတာလဲ..."
ရုတ်တရက် ရောက်လာတဲ့ ယူအွန်ချယ်က ကျွန်တော့်ကို စိုက်ကြည့်ပြီး မေးတယ်။ ကျွန်တော် ဆေးလိပ်ကို လက်ကြားညှပ်ပြီး သူမကို အသက်မဲ့စွာ ပြန်ကြည့်နေမိရုံပါပဲ။ အွန်ချယ်က မျက်ရည်တွေ ကြားကနေ ငေးမှိုင်ရင်း ဆက်ပြောရှာတယ်။
"ငါ... အဲဒီနေ့က ငါတို့သုံးယောက် အတူတူ ငါးပြတိုက် သွားကြတုန်းကလေ... မင်းဂျယ်ကို ငါ ဖွင့်ပြောခဲ့တယ်... နင် သိလား..."
သူမက ခါးသီးစွာ ပြုံးရင်း ရှိုက်လိုက်တယ်။ "ဒါပေမဲ့ သူက ငါ့ကို ငြင်းခဲ့တယ်...။ ပြီးတော့မှ ငါ သိလိုက်ရတာက... သူက သူ့အမေရဲ့ နောက်ဆုံးလက်ကျန် ပစ္စည်းဖြစ်တဲ့ အဲဒီနားကပ်လေးကို... နင်ကလွဲလို့ ဘယ်သူ့ကိုမှ မပေးခဲ့ဘူးဆိုတာပဲ။ နင့်ဆီမှာ တစ်ဖက် ပေးထားခဲ့တယ်မလား..."
အွန်ချယ်ရဲ့ စကားလုံးတွေက ကျွန်တော့်ရဲ့ နားစည်ကို ဒုန်းခနဲ ရိုက်ခတ်သွားခဲ့တယ်။
နားကပ်လေးကို ကိုင်ထားတဲ့ ကျွန်တော့်လက်တွေ တုန်ရီလာပြီး... ရင်ဘတ်တစ်ခုလုံး ဗုံးတစ်လုံး ပေါက်ကွဲသွားသလို နာကျင်မှုတွေက အရှိန်အဟုန်နဲ့ တိုးဝှေ့တက်လာတယ်။ ကျွန်တော် နေရာမှာတင် ဆောင့်ကြောင့် ထိုင်ချလိုက်မိပြီး... မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကာ... တစ်ခါမှ မငိုဖူးလောက်အောင် ရှိုက်ကြီးတငင်နဲ့ အော်ဟစ်ငိုကြွေးတော့တယ်။
မင်းဂျယ်... မင်း ငါ့ကို သဘောကျနေခဲ့တာပဲ...။ အဲဒီအဖိုးတန်တဲ့ နားကပ်ကို ငါ့ဆီမှာ ချန်ထားခဲ့ပြီးမှ... မင်း ဘာလို့ ငါ့ကို ဒဏ်ရာတွေနဲ့ ထားရစ်ခဲ့ရတာလဲ...။
စျာပနခန်းမအပြင်က အေးစက်စက် လေထုထဲမှာ... ကျွန်တော့်ရဲ့ နောင်တတရား ငိုရှိုက်သံတွေက ဆို့နင့်စွာ ပဲ့တင်ထပ်လို့ နေခဲ့တော့တယ်။
အသိစိတ်တွေက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲ... ကျွန်တော်တို့အားလုံးရဲ့ ကမ္ဘာဦး နွေဦးရက်ရက်တွေဆီကို ပြန်လည်လွင့်မျောသွားခဲ့တယ်။
တစ်နေ့မှာတော့... မင်းဂျယ်က ကျောင်းကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက သူ့ရဲ့ ဖြူစွတ်နေတဲ့ ပါးတစ်ဖက်က နီရဲပြီး ရောင်ကိုင်းလို့နေခဲ့တာပဲ။ သူ့ရဲ့ဘေးနားမှာတော့ အနက်ရောင် ဆံပင်ရှည်ရှည်၊ သွယ်လျလှပတဲ့ ခြေတံအလှတွေနဲ့ စွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်က အနီးကပ် ကပ်ပါလာခဲ့တယ်။ ကျောင်းဆောင်ဝရန်တာမှာ ရပ်နေတဲ့ ကျွန်တော့်ကို မြင်တော့ မင်းဂျယ်က အရင်လိုပဲ ဖြူစင်စွာ ပြုံးပြရှာတယ်။
သူ့ဘေးက မိန်းကလေးက ကျွန်တော့်ကို သေချာစိုက်ကြည့်ရင်း မင်းဂျယ်ကို လှမ်းမေးလိုက်တယ်။
"မင်းဂျယ်... သူငယ်ချင်းအသစ်လား..."
"အွန်း... ဟုတ်တယ်။ သူ့နာမည်က ဟာဂျွန်းတဲ့" မင်းဂျယ်က ဖြေပြီး ကျွန်တော့်ဘက်ကို လှည့်လာခဲ့တယ်။ "ဟာဂျွန်း... ဒါက 'ယူအွန်ချယ်' တဲ့။ ငါ့မိထွေးရဲ့ ညီမလေ..."
အဲဒီအချိန်မှာပဲ အတန်းထဲကနေ ထွက်လာတဲ့ ဒိုဟွန်းက အွန်ချယ်ကို မြင်တော့ ချက်ချင်း ဝင်စနောက်တော့တယ်။
"အယ်... အွန်ချယ်ဆိုတာလား။ ရင်းရင်းနှီးနှီး နေရအောင်နော်... ဟဲဟဲ"
အွန်ချယ်က ဒိုဟွန်းကို စိတ်မရှည်တဲ့ ပုံစံနဲ့ တစ်ချက်ကြည့်ပြီး မင်းဂျယ်ဘက်ကို လှည့်ကာ နှုတ်ဆက်တယ်။
"ငါ အတန်းသွားပြီ။ ဂရုစိုက်ဦး... နင်ကလည်း မနေ့ကတည်းက တကယ့်ကို ခေါင်းမာလွန်းတယ်"
သူမက အတန်းမတူတာကြောင့် စိတ်ပူပန်တဲ့ မျက်နှာပေးနဲ့ ထွက်သွားခဲ့တယ်။ အွန်ချယ် ထွက်သွားတာနဲ့ ကျွန်တော် မင်းဂျယ်ရဲ့ လက်ကိုဆွဲပြီး ချက်ချင်း မေးမိတော့တယ်။
"မင်းဂျယ်... မင်းမျက်နှာ ဘာဖြစ်တာလဲ။ လာ... ဆေးပေးခန်း သွားရအောင်"
ဆေးပေးခန်းထဲမှာ ကံမကောင်းစွာနဲ့ ဆရာမ (သို့) အကူတစ်ယောက်မှ ရှိမနေခဲ့ဘူး။ ကျွန်တော် မင်းဂျယ်ကို ခုံပေါ်မှာ ထိုင်ခိုင်းပြီး ဆေးဘူးကိုယူကာ သူ့ရဲ့ ရောင်ကိုင်းနေတဲ့ ပါးပြင်လေးကို ဖွဖွလေး ဆေးလိမ်းပေးနေမိတယ်။ ကျွန်တော် ကိုယ်တိုင် ဆေးလိမ်းပေးနေရင်း မင်းဂျယ်ရဲ့ တိုးညင်းတဲ့ ရင်ဖွင့်သံတွေကို နားထောင်နေခဲ့မိတယ်။
"ငါ့အဖေ ရိုက်လိုက်တာ..." မင်းဂျယ်က ခါးသီးစွာ ရေရွတ်တယ်။ "ငါ့မိထွေးက... ငါ့အမေရဲ့ ညအိပ်ဝတ်စုံကို ယူဝတ်လို့... ငါ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်သောင်းကျန်းမိသွားတယ်။ အဖေက ငါ့ကို အဲဒီမိန်းမအပေါ် မလေးမစား လုပ်တယ်ဆိုပြီး ရိုက်တာ။ ဒါပေမဲ့ အဖေ မသိတာက... အဲဒီမိန်းမက တကယ်တော့ အဖေ့ရှေ့မှာတင် ကောင်းချင်ယောင်ဆောင်နေတာလေ။ သူက ငါ့ကို တမင် နေ့တိုင်း စိတ်အနှောင့်အယှက်ပေးနေတာ... ငါနဲ့အဖေ အဆင်မပြေမှ... သူမွေးမယ့် ကလေးက အမွေတွေအကုန် ရမှာမလို့..."
မင်းဂျယ်ရဲ့ ဒေါသတကြီး စကားတွေကြောင့် ကျွန်တော် ဆေးလိမ်းပေးနေရာကနေ ရပ်ပြီး ပြန်ပြောမိတယ်။
"ငါလည်း သူမနဲ့ တွေ့တုန်းက ခံစားမိပါတယ်။ သူမရဲ့ မျက်နှာကို ကြည့်ရတာ တစ်မျိုးကြီးပဲလို့။ ငါပဲ စိတ်ထင်နေတာ ထင်လို့ ငြိမ်နေခဲ့တာ..."
အဲဒီအချိန်မှာပဲ မင်းဂျယ်ရဲ့ ဖုန်းက မြည်လာခဲ့တယ်။ အွန်ချယ်ဆီက ဖြစ်ပြီး "နင် ဆေးထည့်ပြီးပြီလား" လို့ လှမ်းမေးနေပုံရတယ်။ မင်းဂျယ်က ဖုန်းထဲကို "စိတ်မပူနဲ့... အဆင်ပြေတယ်" လို့ ပြန်ပြောနေပေမဲ့... ကျွန်တော့်ရင်ထဲမှာတော့ အွန်ချယ်ရဲ့ အကဲပိုလွန်းတဲ့ အပြုအမူတွေကို မသိမသာ အမြင်ကပ်စိတ် ဝင်လာခဲ့မိတယ်။
"သူမကလည်း ပိုလွန်းပါတယ်။ မင်းက ကလေးလည်း မဟုတ်တာကို..." ဖုန်းချသွားတဲ့ မင်းဂျယ်ကို ကြည့်ပြီး ကျွန်တော် စောင်းမြောင်းပြောမိတယ်။
မင်းဂျယ်က သဘောကျသလို ရယ်မောပြီး ကျွန်တော့်ကို ကြည့်တယ်။
"မင်းကောပဲ မဟုတ်ဘူးလား... ပိုလွန်းတာ။ ငါ့ကို ကလေးလည်း မဟုတ်ဘဲ ဆေးထည့်ပေးနေတယ်။ ငါ့ဘာသာငါ လုပ်လို့ရတာကို..."
သူ့စကားကြောင့် ကျွန်တော် ခဏမျှ မှင်သက်သွားပြီးမှ... မရည်ရွယ်ဘဲ မင်းဂျယ်ရဲ့ ပုခုံးပေါ်ကို ခေါင်းမှီချလိုက်မိရင်း တိုးတိုးလေး ဖြေခဲ့တယ်။
"ငါ... စိတ်မကောင်းလို့ပါ..."
"မင်းက... ငါနာနေတာကို စိတ်မကောင်းတာလား..."
မင်းဂျယ်ရဲ့ မေးခွန်းကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြည့်ချင်းက စက္ကန့်အနည်းငယ်မျှ စုံသွားခဲ့ကြတယ်။ ပြတင်းပေါက်ကနေ ဖြတ်တိုက်လာတဲ့ လေအေးအေးတစ်ချက်ကြောင့် မင်းဂျယ်က သတိဝင်သွားသလိုမျိုး မျက်လုံးလွှဲလိုက်ပြီး၊ စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ သူ့ဖုန်းရဲ့ Wallpaper ကို ပြလာခဲ့တယ်။
Wallpaper ပုံထဲမှာတော့ အဖြူရောင် ခွေးလေးတစ်ကောင် ရှိနေတယ်။
"သူ့နာမည်က 'မိုမို' လို့ ခေါ်တယ်လေ။ ချစ်စရာကောင်းတယ်မလား..."
"သူက အထီးလေးလား..." လို့ ကျွန်တော် မေးတော့ မင်းဂျယ်က ခေါင်းငြိတ်တယ်။
"အင်း... ဟုတ်တယ်။ မြင်ရတာ အကောင်သေးပေမဲ့ သူက အသက် ၁၂ နှစ် ရှိနေပြီ။ ဂျာမနီမှာတုန်းက ငါ့ကို အဖွားက လက်ဆောင်ပေးခဲ့တာလေ။ သူ့ကို ကိုရီးယားအထိ ခေါ်လာဖို့ တကယ် ခက်ခဲခဲ့တာ... ဒါပေမဲ့ ငါ သူ မရှိရင် မနေနိုင်ဘူး၊ အရမ်းလွမ်းနေမှာမလို့။ အခုတော့ သူ ရောက်လာပြီ။ သူက ငါနဲ့အကြာကြီး နေခဲ့တာ... ငါ့ကို အဖွား မွေးနေ့လက်ဆောင်ပေးတုန်းက သူက ၅ လသားလေးပဲ ရှိသေးတာ..."
မင်းဂျယ်က သူ့အဖော်မွန်လေးအကြောင်း ပြောရင်း မျက်ဝန်းတွေ တောက်ပနေတာကို ကြည့်ပြီး "တကယ် ချစ်စရာလေးပဲ" လို့ ကျွန်တော် ချီးကျူးမိတယ်။ အဲဒီအခါ မင်းဂျယ်က မဝံ့မရဲနဲ့ တိုးတိုးလေး မေးလာခဲ့တယ်။
"မင်း... ငါ့အိမ်ကို လိုက်ပြီး မိုမိုကို လာကြည့်ချင်လား..." ကျွန်တော် စိုက်ကြည့်နေမိတော့ သူက အလျင်အစလိုနဲ့ ထပ်ဖြည့်ပြောရှာတယ်။ "ငါ မင်းကို ကွန်ပျူတာဂိမ်းလည်း ပေးဆော့မယ်လေ... စာလည်း အတူတူလုပ်မယ်..."
ကျွန်တော် ပြုံးမိသွားပြီး ခေါင်းငြိတ်လိုက်တယ်။ "ဟုတ်ပါပြီ... ငါ လိုက်ခဲ့မယ်။ ဒါပေမဲ့ မင်းရဲ့ မိထွေးနဲ့... အဆင်ပြေပါ့မလား"
"သူမ အိမ်မှာမရှိဘူး။ အဖေနဲ့အတူ အလုပ်ကိစ္စ ခရီးလိုက်သွားတယ်"
"ဒါဆို... အွန်ချယ်ရော..."
"အွန်ချယ်က သူ့မိဘအိမ်မှာပဲ နေတာများတယ်။ ငါ့အိမ်မှာ မနေဘူး"
မင်းဂျယ်ရဲ့ စကားကြောင့် ကျွန်တော့်ရင်ထဲမှာ ရုတ်ချည်း စိတ်သက်သာရာ ရသွားခဲ့မိတယ်။ ဘာအကြောင်းကြောင့်လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သေသေချာချာ မသိခဲ့ပေမဲ့... မင်းဂျယ်ရဲ့ ဘေးနားမှာ အကဲပိုပြီး ကပ်နေတတ်တဲ့ အွန်ချယ်ကို... ကျွန်တော် မသိမသာတော့ အမြင်ကပ်ပြီး မနာလို ဖြစ်နေခဲ့မိတာ အမှန်ပဲ ဖြစ်ပါတယ်။
မင်းဂျယ်ရဲ့ အိမ်ထဲကို ခြေလှမ်းလိုက်တာနဲ့တစ်ပြိုင်နက်... အဖြူရောင် အမွှေးပွပွလေးတွေနဲ့ 'မိုမို' က ဝမ်းသာအားရ ပြေးလာပြီး မင်းဂျယ်ကို ဆီးကြိုနှုတ်ဆက်တော့တယ်။ မင်းဂျယ်က မိုမိုကို ပွေ့ချီလိုက်ရင်း ကျွန်တော့်ဘက်လှည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြလာခဲ့တယ်။ ကျွန်တော်လည်း မိုမိုရဲ့ နူးညံ့လှတဲ့ အမွှေးလေးတွေကို အသာအယာ ပွတ်သပ်ပေးရင်း "တကယ်ကို ချစ်စရာကောင်းတာပဲ" လို့ ရင်ထဲကနေ တိတ်တဆိတ် ရေရွတ်မိခဲ့တယ်။
မင်းဂျယ်က မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေတဲ့ အိမ်စေအဒေါ်ကြီးကို လှမ်းပြီး သတိပေးစကားဆိုတယ်။
"အန်တီ... ကျနော့်သူငယ်ချင်းက ဒီနေ့ ညအိပ်မှာမလို့၊ သူ့အတွက်ပါ ညစာ ထည့်ချက်ပေးနော်..."
ပြောပြီးတာနဲ့ ကျွန်တော့်လက်ကိုဆွဲကာ အပေါ်ထပ်က သူ့ရဲ့အခန်းဆီကို ခေါ်သွားခဲ့တယ်။ မင်းဂျယ်ရဲ့အိမ်က ကြီးကျယ်ခမ်းနားပြီး လှပလွန်းလှပါတယ်။ အကယ်၍ တခြားသူငယ်ချင်းတစ်ယောက်သာဆိုရင် တအံ့တသြနဲ့ ငေးမောနေလောက်ပေမဲ့... ကျွန်တော့်ရဲ့ မိသားစုနောက်ခံ အခြေအနေကလည်း မင်းဂျယ်တို့လိုပဲမို့ သာမန်အတိုင်းပဲ တက်လာခဲ့မိတယ်။
အခန်းထဲရောက်တော့ မင်းဂျယ်က ကျွန်တော့်ကို အရင်ရေချိုးဖို့ပြောပြီး လဲဝတ်ရမယ့် အဝတ်အစားတွေကို ထုတ်ပေးရှာတယ်။ ရေချိုးပြီးနောက်... မင်းဂျယ်ရဲ့ အဝတ်အစားတွေကို ကောက်စွပ်လိုက်တဲ့အချိန်မှာပဲ... မင်းဂျယ်ဆီကနေ အမြဲတမ်း ရနေကျ အနံ့လေးတစ်ခုက ကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တယ်။
အခုမှ သေသေချာချာ သတိထားမိတယ်... အဲဒါ ကလေးပေါင်ဒါ အနံ့လေးပဲ။
ဘာလို့လဲဆိုတာ မသိပေမဲ့... အဲဒီအနံ့လေးကြောင့် ကျွန်တော့်ရဲ့ ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ ဒိန်းခနဲ ရင်ခုန်သံတွေ မြန်လာခဲ့ရတယ်။ ငါ ဘာလို့ ဒီလောက်တောင် ရင်တွေ တုန်ယင်နေရတာလဲ? ယောင်္ကျားလေးတစ်ယောက်အပေါ်ကိုမှ ငါ ဒီလို ခံစားချက်မျိုး ဖြစ်နေရတာလား? မင်းဂျယ်က... မိန်းကလေးတစ်ယောက်ထက်တောင် ပိုပြီး လှပတဲ့ မျက်နှာလေး ရှိနေလို့ပဲ ဖြစ်ရမယ်လို့ ကျွန်တော် ကိုယ့်ဘာသာကိုယ် ကောက်ချက်ချလိုက်မိတယ်။
ခဏနေတော့ မင်းဂျယ်က ရေချိုးခန်းထဲကနေ ထွက်လာခဲ့တယ်။ ရေစိုနေတဲ့ ဆံပင်အဖျားလေးတွေကြားကနေ သူ့မျက်နှာက ပိုပြီးတော့တောင် စင်ကြယ်လွန်းနေခဲ့ပြန်တယ်။
အဲဒီနေ့ညက မင်းဂျယ်ရဲ့အိမ်မှာ စားခဲ့ရတဲ့ ညစာက ကျွန်တော့်ဘဝမှာ အရသာအရှိဆုံး ညစာ ဖြစ်ခဲ့သလို... ညစာစားပြီး တူတူဆော့ခဲ့ကြတဲ့ ကွန်ပျူတာဂိမ်းအချိန်ကလည်း ပျော်စရာ အကောင်းဆုံးပါပဲ။ မင်းဂျယ်က ဂိမ်းဆော့တဲ့နေရာမှာ ကျွန်တော့်ထက် ပိုတော်ရုံတင်မကဘဲ... အနိုင်မရရရင် မကျေနပ်တတ်တဲ့ ဂျာအေးသူငယ်ချင်းလေးလို ငြင်းခုံရတာကိုလည်း သိပ်ဝါသနာပါရှာတာ။
ညနက်ပိုင်း ရောက်တဲ့အခါ... ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ယံမှာ ထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်း မင်းဂျယ်က ရုတ်တရက် မေးလာခဲ့တယ်။
"ဟာဂျွန်း... မင်း ငါနဲ့အတူ လပေါ်ကို တူတူသွားမလား..."
ကျွန်တော်က သဘောကျပြီး ရယ်မောလိုက်ရင်း "ငါတို့က အဲဒီကို ရောက်နိုင်ပါ့မလား" ဟု ပြန်ဖြေခဲ့မိတယ်။ ဒါပေမဲ့ မင်းဂျယ်က လက်မလျှော့ဘဲ ကလေးတစ်ယောက်လို ဇွတ်အတင်း ကတိတောင်းနေတော့တာကြောင့် ကျွန်တော် သဘောကျစွာနဲ့ပဲ ကတိပေးလိုက်မိတယ်။
"ဟုတ်ပါပြီ... မင်းနဲ့အတူ လပေါ်အထိ ငါ တူတူသွားပါ့မယ်..."
မင်းငါ့အနားမှာ အမြဲရှိနေကမယ်နော်...ငါတို့စစ်ထဲဝင်ရင်တောင် လာတွေ့ကမယ်...
"ဟားဟား... ဟုတ်ပါပြီဗျာ..." ကျွန်တော်က ရယ်မောရင်း ပြန်ပြောမိတယ်။ "ကတုံးတုံးထားတဲ့ မင်းရဲ့ပုံစံကို ငါ တကယ် ကြီးကြီးမားမား ကြည့်ချင်မိသား..."
"ငါကောပဲ... မနက်နိုးလာလို့ ကတုံးတုံးထားတဲ့ မင်းရဲ့မျက်နှာကို မြင်ရရုံနဲ့တင် ငါ နေ့တိုင်း ရယ်နေရတော့မှာ..."
သူတို့ စကားတွေ စမြိတ်ဆက်ရင်း... မင်းဂျယ်က ကုတင်ပေါ် လှဲချလိုက်ကာ စိတ်ဝင်တစား မေးလာခဲ့တယ်။ "မင်းရဲ့ မိသားစုအကြောင်းရော ငါ့ကို ပြောပြဦးလေ။ နောက်တစ်ခါကျရင် ငါ မင်းအိမ်ကို လိုက်ခဲ့မယ်..."
"ပိတ်ရက်ကျရင် လာခဲ့လေ။ ငါ မင်းကို အရသာရှိတာတွေ ချက်ကျွေးမယ်"
"ဟင်... မင်းက ချက်တတ်လို့လား..." မင်းဂျယ်က အံ့အားသင့်စွာ မေးတယ်။
"ငါက တကယ် အရသာရှိအောင် ချက်တတ်တာနော်..."
"ငါမယုံပါဘူး..."
"မင်း စားပြီးရင် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး..."
"မယုံပါဘူးဆို..."
တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ခဏမျှ တိတ်ဆိတ်ခြင်းတွေ လွှမ်းမိုးသွားခဲ့တယ်။ ကျွန်တော် သက်ပြင်းတစ်ချက်ချရင်း ရင်ထဲက အမှန်တရားကို ဖွင့်ဟမိလိုက်တယ်။
"ငါ့မှာ အစ်ကိုတစ်ယောက် ရှိတယ်... အစ်ကိုကြီးက အဖေ့အတွက် အမြဲတမ်း ဂုဏ်ယူစရာ သားကောင်းပေါ့။ ငါနဲ့မတူဘူး... အဖေက ငါ့ကို ဘယ်တော့မှ အထင်မကြီးခဲ့ဘူး။ သူက အနာဂတ်မှာ အစ်ကိုကပဲ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်ခံနိုင်လိမ့်မယ်လို့ ထင်နေတာ။ အမှန်အတိုင်းပြောရရင်... ငါက အဖေ့ရဲ့ အလုပ်တွေကို လုံးဝ မဆက်ခံချင်ဘူး။ ငါ... အဆိုတော် ဖြစ်ချင်တာလေ။ အဖေ့လို စည်းကမ်းတွေနဲ့ မွန်းကြပ်မနေဘဲ... ပေါ့ပေါ့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းချင်တာ..."
ကျွန်တော့်ရဲ့ စကားတွေကို သေသေချာချာ နားထောင်ပြီးနောက်... မင်းဂျယ်က ကျွန်တော့်ကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလာခဲ့တယ်။
"ဟာဂျွန်း... မင်းက ဘယ်သူနဲ့မှမတူဘဲ ထူးခြားနေပြီးသားပါ။ ငါ့အတွက်တော့... မင်းက တကယ့်ကို တော်တဲ့သူတစ်ယောက်ပဲ။ ငါ... မင်းနဲ့ ဒီလို ရင်းနှီးခွင့်ရတာကို တကယ်ပဲ ဝမ်းသာပျော်ရွှင်မိတယ်..."
ထိုစကားကို ပြောပြီးနောက် မင်းဂျယ်က ရှက်ပြုံးလေးနဲ့အတူ ကျွန်တော့်ကို ကျောပေးကာ လှဲအိပ်လိုက်တော့တယ်။
ကျွန်တော် ခဏမျှ မှင်သက်သွားပြီးမှ... ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိမှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းအစုံနဲ့ မင်းဂျယ်ရဲ့ ကျောပြင်လေးကို စိုက်ကြည့်နေမိခဲ့တယ်။ ပြီးတော့... သူ့အနားကို ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး၊ အနောက်ကနေ မင်းဂျယ်ရဲ့ သွယ်လျတဲ့ ခါးလေးကို သာသာယာယာ ပွေ့ဖက်လိုက်မိတယ်။ ကျွန်တော့်ရဲ့ နဖူးပြင်ကိုလည်း မင်းဂျယ်ရဲ့ ဂုတ်နားလေးဆီကို တိုးကပ်ပြီး အသာအယာ ထိကပ်ထားလိုက်မိတယ်။
"ကျေးဇူးတင်ပါတယ်... အဲလို ပြောပေးလို့..."
ကျွန်တော် တိုးတိုးလေး ရေရွတ်ရင်း... မင်းဂျယ်ရဲ့ ခါးလေးကို ပိုမို တင်းကျပ်စွာ ဆွဲဖက်လိုက်မိတယ်။ ကလေးပေါင်ဒါနံ့ သင်းသင်းလေးက ကျွန်တော့်ရဲ့ နှာခေါင်းထဲကို တိုးဝှေ့ဝင်ရောက်လာရင်း... ထိုစဉ်က အနာဂတ်ရဲ့ နာကျင်မှုတွေကို ကြိုတင်မသိရှိခဲ့ကြတဲ့ ကောင်လေးနှစ်ယောက်ဟာ... လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်ရင်း ငြိမ်းချမ်းစွာ အိပ်ပျော်သွားခဲ့ကြပါတော့တယ်။
"မင်းဂျယ်...!!!"လက်ရှိအချိန်..
ကျွန်တော် အိပ်ရာကနေ ထိတ်လန့်တကြား အော်ဟစ်ကာ လန့်နိုးလာခဲ့မိတယ်။ တစ်ကိုယ်လုံးလည်း ချွေးစေးတွေနဲ့ ရွှဲနစ်လို့။
မျက်စိမှိတ်လိုက်တိုင်း မြင်ယောင်နေဆဲဖြစ်တဲ့ အိပ်မက်ဆိုးက... ကျွန်တော့်ကို အသက်ရှူရ ခက်ခဲစေတယ်။ အိပ်မက်ထဲမှာ မင်းဂျယ်က... တစ်ကိုယ်လုံး သွေးတွေပေကျံနေတဲ့ ရုပ်အလောင်းကြီးနဲ့ ကျွန်တော့်ကို စူးစိုက်ကြည့်နေခဲ့တာ။ လက်တွေ့ဘဝမှာ မင်းဂျယ်တစ်ယောက် ဒီကမ္ဘာမြေကနေ ထွက်ခွာသွားခဲ့တာ... အခုဆိုရင် တစ်လတိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မနေ့ကတင် ဖြစ်ပျက်ခဲ့သလို နာကျင်မှုတွေက လတ်ဆတ်နေတုန်းပဲ။
လေးလံတဲ့ ခြေလှမ်းတွေနဲ့ပဲ ကျောင်းကို ရောက်လာခဲ့တယ်။ ကျောင်းဝင်းထဲ လျှောက်လာတုန်းမှာ... သစ်ပင်ရိပ်တစ်ခုအောက်ကနေ ထွက်ပေါ်လာတဲ့ ရယ်မောသံတွေကြောင့် ကျွန်တော့်ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားခဲ့ရတယ်။ အဲဒါ... ကျောင်းမှာ မင်းဂျယ်ကို အမြဲတမ်း နှိပ်စက်အနိုင်ကျင့်လေ့ရှိတဲ့ မင်ဆူး၊ ဂျင်ဟို၊ ဆန်ဝူး နဲ့ မိန်းကလေးဖြစ်သူ နာရီ တို့ အုပ်စုပဲ ဖြစ်ပါတယ်။
"ဟေ့ကောင်တွေ... ကြားပြီးပြီလား" နာရီက နှုတ်ခမ်းကို မဲ့ကာ အတင်းပြောသလို လေသံနဲ့ စကားစတယ်။ "ဒီနေ့ မင်းဂျယ်ရဲ့ အဖေနဲ့ သူ့မိထွေး၊ ပြီးတော့ ဂျာမနီက ရောက်လာတဲ့ အဘွားကြီးတစ်ယောက်ပါ ကျောင်းအုပ်ရုံးခန်းကို ရောက်နေကြတယ်လေ"
"ဘာကိစ္စလဲဟ" မင်ဆူးက ဆေးလိပ်ပြာကို ခါရင်း ခနဲ့တဲ့တဲ့ မေးတယ်။
"မင်းဂျယ် သေတဲ့ကိစ္စမှာ ကျောင်းမှာ တာဝန်ရှိမရှိ၊ ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုး ရှိလားဆိုပြီး သတင်းလာနှိုက်တာလေ။ တကယ်ပဲ ရယ်ရတယ်... အဲဒီကောင်က အသုံးမကျလို့ ကိုယ့်ဘာသာကိုယ် သေတာကို ကျောင်းကို လာအပြစ်ပုံချချင်နေတာ" ဆန်ဝူးက လှောင်ပြောင်သလို ဝင်ပြောတယ်။
ထိုစကားကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာပဲ... ကျွန်တော့်ရဲ့ အသိစိတ်တွေ ဒေါသကြောင့် ပြတ်တောက်သွားခဲ့ရတယ်။ ဘာမှမစဉ်းစားတော့ဘဲ အဲဒီအုပ်စုဆီ ပြေးသွားပြီး ခေါင်းဆောင်ဖြစ်သူ မင်ဆူးရဲ့ မျက်နှာကို လက်သီးနဲ့ ကျွေးလိုက်တော့တယ်။
ခွပ်...!!!
"မင်းတို့... ပါးစပ်ကို ပိတ်ထားစမ်း!!!"
ကျောင်းဝင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။ မင်ဆူးတို့အုပ်စုက ကျွန်တော့်ကို ဝိုင်းချဖို့ လုပ်တဲ့အချိန်မှာပဲ ဒိုဟွန်းက ဘယ်ကနေ ရောက်လာမှန်းမသိဘဲ ကျွန်တော့်ဘက်ကနေ ဝင်ကူညီပေးခဲ့တယ်။ အဆုံးသတ်မှာတော့... ရန်ဖြစ်ခဲ့ကြတဲ့ ကျွန်တော်တို့နှစ်ယောက်နဲ့ ဟိုအုပ်စုဟာ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းဆီကို အခေါ်ခံလိုက်ရတော့တာပဲ။
ရုံးခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန်... မင်းဂျယ်ရဲ့ မိသားစုနဲ့ ထိပ်တိုက် တိုးပါတော့တယ်။
မင်းဂျယ်ရဲ့အဖေက တည်ငြိမ် လေးနက်တဲ့ မျက်နှာပေးနဲ့ ထိုင်နေပြီး၊ ဘေးက မိထွေးဖြစ်သူ 'ချယ်ဝန်း' ကတော့ နေကာမျက်မှန်အနက်ရောင်ကို စတိုင်ကျကျ တပ်ထားခဲ့တယ်။ သူမက ကျွန်တော့်ကို မြင်တာနဲ့ နေကာမျက်မှန်အောက်ကနေ ဆူးရှပြီး အမြင်မကြည်လင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လာတယ်။ ပြီးတော့ ထိုနေရာမှာ... သက်ဦးဆံပိုင် အရွယ် အသက် (၇၀) ကျော်ခန့်ရှိတဲ့ ဂျာမနီသူ အဘွားအိုတစ်ယောက်လည်း ရှိနေခဲ့တယ်။ သူမက မင်းဂျယ်ရဲ့ အဘွား ဖြစ်ရပါလိမ့်မယ်။
ကျောင်းအုပ်ကြီးက ကျွန်တော့်ကို မြင်တော့ မင်းဂျယ်နဲ့ ရင်းနှီးခဲ့တာကို သတိရပြီး လှမ်းမေးတယ်။
"ဟာဂျွန်း... မင်းက မင်းဂျယ်နဲ့ အနီးကပ်ဆုံး သူငယ်ချင်းပဲ။ မင်းဂျယ် ကျောင်းမှာ အနိုင်ကျင့်ခံရတာမျိုး မင်း မြင်ခဲ့တာရှိလား..."
အဲဒီအချိန်မှာ မင်းဂျယ်ရဲ့ အဘွားဖြစ်သူက မျှော်လင့်ချက် ပြည့်နှက်နေတဲ့ အားကိုးတကြီး မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်လာပြီး၊ ကျွန်တော့်အနားကို တိုးကပ်ကာ တိုးတိုးလေး ချော့မော့မေးမြန်းရှာတယ်။ ကျွန်တော် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး မိထွေးဖြစ်သူကို တစ်ချက်ကြည့်ကာ ဘာမှ ပြတ်ပြတ်သားသား မပြောနိုင်သေးခင်မှာပဲ... ကျောင်းအုပ်ကြီးက အခြေအနေကို ထိန်းသိမ်းတဲ့အနေနဲ့ ကျွန်တော်တို့ကို အခန်းပြင် ပြန်ထွက်ခိုင်းခဲ့တယ်။
ကျောင်းဆင်းချိန် ရောက်တော့... ကျောင်းအနီးနားက ကော်ဖီဆိုင်လေးတစ်ခုမှာ ကျွန်တော်နဲ့ မင်းဂျယ်ရဲ့ အဘွားတို့ ထိုင်နေခဲ့ကြတယ်။
ကျွန်တော့်ရှေ့က စားပွဲပေါ်မှာတော့ ကော်ဖီတစ်ခွက်နဲ့ စတော်ဘယ်ရီကိတ်မုန့်တစ်တုံး ရှိနေတယ်။ အဘွားက ကျွန်တော့်ကို ကြည့်ပြီး သွေးအေးပေမဲ့ နူးညံ့တဲ့ လေသံနဲ့ ဆိုလာခဲ့တယ်။
"ဟာဂျွန်း... ကိတ်မုန့်အရသာကို ကြိုက်ရဲ့လား မသိဘူး။ ငါ့မြေးလေး မင်းဂျယ်က စတော်ဘယ်ရီအရသာကို သိပ်ကြိုက်ပြီး အမြဲမှာနေကြမလို့... မင်းလည်း ကြိုက်လောက်မယ်လို့ အဘွား ထင်လို့ပါ..."
ကိတ်မုန့်ကို တစ်လုပ်မျှ မြည်းစမ်းလိုက်တဲ့ အခိုက်အတန့်မှာပဲ... ကျွန်တော့်ရဲ့ အာရုံထဲမှာ မင်းဂျယ်နဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့နေ့က... သူ ကျွန်တော့်ကို ပေးခဲ့တဲ့ 'စတော်ဘယ်ရီ သကြားလုံး' လေးကို ရုတ်တရက် သတိရသွားမိကာ မျက်ရည်တွေ ဝဲတက်လာပြီး ငိုသံပါကြီးနဲ့ ပြောမိတော့တယ်။
"မင်းဂျယ်က... ကျွန်တော်တို့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့နေ့ကလည်း... ကျွန်တော့်ကို စတော်ဘယ်ရီစုပ်လုံးလေး ပေးခဲ့ဖူးတယ် အဘွား..."
အဘွားက ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုံးနဲ့ ခေါင်းငြိတ်ရှာတယ်။
"မင်းဂျယ်က... သူ သဘောကျတဲ့ အရာတွေကို၊ သူ ချစ်တဲ့လူတွေကို လက်ဆောင်ပေးရတာ သိပ်ကြိုက်တာကွယ်။ သူ (၅) နှစ်သား အရွယ်တုန်းကလည်း... အဘွားကို သူ အနှစ်သက်ဆုံး ပုံပြင်စာအုပ်လေး ပေးခဲ့သေးတယ်။ ဘာလို့လဲဆိုတော့... အဘွားပေးခဲ့တဲ့ 'မိုမို' လေးကို သူ အရမ်းချစ်လို့၊ အဘွားကို ကျေးဇူးတင်လို့တဲ့လေ..." အဘွားက သက်ပြင်းအရှည်ကြီးကို ချလိုက်တယ်။ "အခုတော့... မိုမိုလေးလည်း မရှိတော့ဘူး၊ မင်းဂျယ်လည်း မရှိတော့ဘူး...။ တစ်နေရာရာမှာ သူတို့နှစ်ယောက် ပြန်ဆုံနေကြလိမ့်မယ် ထင်ပါရဲ့..."
"ဗျာ...?! မိုမို... မိုမိုလည်း မရှိတော့ဘူး ဟုတ်လား အဘွား!!!" ผม ကျွန်တော် ထိတ်လန့်တကြားနဲ့ မေးမိတယ်။
"အင်း... မိုမိုက မင်းဂျယ်မဆုံးခင် (၂) ပတ်အလိုလောက်ကတည်းက သေသွားခဲ့တာလေ။ သူ မင်းကိုော ဘာမှမပြောပြဘူးလား..."
ကျွန်တော် ရင်ဘတ်တစ်ခုလုံး နင့်ခနဲ ခံစားလိုက်ရပြီး တုန်ရီစွာ ဖြေမိတယ်။
"ကျွန်တော်တို့နှစ်ယောက်... သူ မသေခင် တစ်လလောက်အလိုကတည်းက ရန်ဖြစ်ထားကြတာမလို့ ဘာမှမပြောဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီကြားထဲမှာ... သူ ကျောင်းကို လာရင် ရိုက်နှက်ခံထားရတဲ့ ပုံစံမျိုးနဲ့ လာတတ်တယ်။ လက်လည်း ကျိုးနေခဲ့ဖူးတယ်။ ကျွန်တော် မေးပေမဲ့ သူက လျစ်လျူရှုပြီး ဘာမှမဖြေခဲ့ဘူး...။ အဘွား... ကျွန်တော် စကားလွန်ရင် ခွင့်လွှတ်ပါ၊ ဒါပေမဲ့ မိထွေးဖြစ်သူ ချယ်ဝန်းက မင်းဂျယ်အပေါ် သဘောထားတာ တကယ့်ကို မရိုးသားဘူးလို့ ကျွန်တော် ခံစားရတယ်..."
အဘွားက မျက်ရည်တွေ ဝဲလာပြီး ဝမ်းနည်းပက်လက် သက်ပြင်းချရင်း လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟရှာတော့တယ်။
"မင်းဂျယ်က... မိုမို သေသွားတဲ့နေ့က အဘွားဆီကို ဖုန်းဆက်ပြီး ငိုယိုခဲ့တယ်ကွယ်။ မိထွေးဖြစ်သူ ဆောင်ချယ်ဝန်းက... သူ့ရဲ့ မိုမိုလေးကို သတ်ပစ်လိုက်တာပါတဲ့..." အဘွားရဲ့ လေသံက တုန်ရီနေတယ်။ "အဘွားလည်း ဂျာမနီမှာမလို့ ချက်ချင်းလာဖို့ မလွယ်တာနဲ့ သူ့ကို နှစ်သိမ့်ပေးရုံပဲ တတ်နိုင်ခဲ့တယ်။ ပြီးတော့ မင်းဂျယ်အဖေဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးတော့... သူ့အဖေက 'မိုမိုက မတော်တဆ မတည့်တာစားမိလို့ သေတာပါ၊ မင်းဂျယ်က ချယ်ဝန်းကို မုန်းနေလို့ တမင်သက်သက် အဘွားကို လိမ်ညာတိုင်တန်းတာ' လို့ ပြန်ပြောခဲ့တယ်။ အဘွားလည်း ဘယ်သူ့စကား ယုံရမှန်း မသိခဲ့ဘူး..."
အဘွားရဲ့ စကားလုံးတွေက ကျွန်တော့်ကို ဒေါသနဲ့ နောင်တတရားတွေ ကြားမှာ ရူးသွပ်လုနီးပါး ဖြစ်သွားစေခဲ့တယ်။ ငါသာ အဲဒီတုန်းက မင်းဂျယ်ကို စိတ်မဆိုးဘဲ ဘေးမှာ ရှိနေပေးခဲ့ရင်... အရာအားလုံးက ဒီလို ဖြစ်လာပါ့မလား။
ကော်ဖီဆိုင်ကနေ ထွက်လာပြီးနောက်... အဘွားနဲ့ လမ်းခွဲကာ အိမ်ကို တစ်ယောက်တည်း ပြန်လာခဲ့မိတယ်။ ခြေလှမ်းတိုင်းမှာ... လွန်ခဲ့တဲ့ အတိတ်တုန်းက မင်းဂျယ်နဲ့အတူ ပျော်ပျော်ပါးပါး 'ပင်လယ်' ကို ခရီးထွက်ခဲ့ကြတဲ့ နေ့ရက်တွေက... ကျွန်တော့်ရဲ့ မျက်စိထဲမှာ တလိပ်လိပ် ပြန်လည် မြင်ယောင်လို့ လာခဲ့ပါတော့တယ်။
တစ်ခါတစ်ရံမှာ... စည်းကမ်းတွေကို ချိုးဖောက်ပြီး ပြေးထွက်လိုက်ရတာက ဘဝရဲ့ အမှတ်ရဆုံး နေ့ရက်တစ်ခု ဖြစ်လာတတ်ပါတယ်။
အဲဒီနေ့က ကျွန်တော်နဲ့ မင်းဂျယ်ဟာ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ကျောင်းစာသင်ခန်းတွေကို ကျောခိုင်းပြီး ဘတ်စ်ကားတစ်စီးပေါ် ဇွတ်တိုးဝင်ကာ ပင်လယ်ဆီကို ကျောင်းပြေးခဲ့ကြတယ်။ ဂိတ်ဆုံးလို့ ဘတ်စ်ကားတံခါး ပွင့်သွားတာနဲ့တစ်ပြိုင်နက်... ပြတင်းပေါက်အပြင်ဘက်က ဖွေးလှုပ်နေတဲ့ ပင်လယ်ပြာကြီးကို မြင်လိုက်ရတဲ့ မင်းဂျယ်က ကလေးတစ်ယောက်လို ဝမ်းသာအားရ အော်ဟစ်ရင်း သဲသောင်ပြင်ဆီ ပြေးထွက်သွားတော့တာပဲ။
"ဟာဂျွန်း... မြန်မြန်လာလေ ဟားဟား..."
မင်းဂျယ်က ရှေ့ကနေ ပြေးရင်း ကျွန်တော့်ဘက်ကို လှည့်ကြည့်ကာ တောက်ပစွာ ပြုံးပြတယ်။ မင်းဂျယ်က ပြုံးလိုက်တိုင်း၊ ရယ်မောလိုက်တိုင်းမှာ... သူ့ရဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းအစုံက ကမ္ဘာပေါ်မှာ အလှပဆုံး လခြမ်းကွေးလေးလို မှိတ်ကျသွားပြီး ဝင့်ညွှတ်သွားတတ်တာ ကျွန်တော့်အကြိုက်ဆုံး မြင်ကွင်းပေါ့။ နေရောင်ခြည်နုနုအောက်မှာ မင်းဂျယ်ရဲ့ အသားအရေက ပုံမှန်ထက် ပိုမိုဝင်းပဖြူစင်နေပြီး... လုံးဝန်းအိစက်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ၊ သေးသွယ်ပြီး ထိပ်ဖျားလေး ချွန်တက်နေတဲ့ နှာတံလေး၊ ပြီးတော့ ပန်းရောင်သန်းနေတဲ့ ပါးဖောင်းဖောင်းလေးတွေက... တကယ်ဆို ကျွန်တော့်ထက်တောင် အသက်ပိုငယ်တဲ့ ကောင်လေးတစ်ယောက်လို ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။
လှိုင်းပြာတွေ တလိပ်လိပ် တက်နေတဲ့ ပင်လယ်ကြီးရဲ့ နောက်ခံ မြင်ကွင်းအောက်မှာ... မင်းဂျယ်ရဲ့ ညာဘက်နားရွက်မှာ ဝတ်ဆင်ထားတဲ့ 'နီလာပြာကျောက်နားကပ်' သေးသေးလေးက နေရောင်နဲ့ ထိတွေ့ပြီး လျှို့ဝှက်ဆန်းကြယ်စွာ အရောင်ပြန်ဟပ်နေခဲ့တယ်။
အဲဒီလို ပင်လယ်ပြင်ထက် ပိုမိုတောက်ပပြီး ပျော်ရွှင်နေတဲ့ မင်းဂျယ်ကို ငေးကြည့်ရင်း... "တကယ်ကို... တကယ်ကို လှလွန်းတာပဲ" လို့ ကျွန်တော် ရင်ထဲကနေ မထိန်းချုပ်နိုင်ဘဲ တရစပ် ရေရွတ်မိခဲ့တယ်။
"ဟာဂျွန်း... ရေထဲဆင်းရအောင်!"
မင်းဂျယ်က စိတ်လှုပ်ရှားစွာနဲ့ပဲ သူ့ရဲ့ ကျောင်းဝတ်စုံအပေါ်အင်္ကျီကို ဆွဲချွတ်လိုက်တယ်။ အဲဒီအခိုက်အတန့်မှာ... ကျွန်တော့်ရဲ့ အကြည့်တွေက မင်းဂျယ်ရဲ့ ခန္ဓာကိုယ်အလှဆီမှာ အချိန်အတော်ကြာ မှင်သက်ငေးမောမိသွားခဲ့ရတယ်။ မင်းဂျယ်ရဲ့ ခန္ဓာကိုယ်လေးက ပိန်ပိန်ပါးပါးနဲ့ သေးသွယ်ပေမဲ့... တစ်ချက်ကြည့်ရုံနဲ့ ကျစ်လစ်လှပနေတာကို မြင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ မျက်လုံးတွေက မင်းဂျယ်ရဲ့ သွယ်လျတဲ့ ခါးအချိုးအစားနဲ့ ဗိုက်သားအောက်ခြေက ချက်လေးဆီမှာ အမှတ်မထင် စွဲငြိနေမိပြီးမှ... ကိုယ့်ဘာသာကိုယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ မျက်နှာလွှဲလိုက်ရသေးတယ်။
ကျွန်တော်တို့နှစ်ယောက် ရင်ထဲက အပူအပင်တွေကို ပင်လယ်ထဲ ပစ်ချပြီး အချိန်အကြာကြီး ရေဆော့ခဲ့ကြတယ်။ ပင်ပန်းသွားတဲ့အခါ... ရွှေရောင်သဲသောင်ပြင်ပေါ်မှာ တစ်ယောက်ကိုတစ်ယောက် ဘေးချင်းယှဉ်လျက် လှဲလျောင်းလိုက်ကြရင်း တိုက်ခတ်လာတဲ့ ပင်လယ်လေညင်းကို မှေးစက်ခံစားနေမိတယ်။
ခဏနေတော့... မင်းဂျယ်က ကုတင်ပေါ်ကနေ ထိုင်လိုက်ပြီး သူ့ရဲ့ ကျောင်းလွယ်အိတ်ထဲကို လက်နှိုက်ကာ တစ်ခုခုကို ရှာဖွေနေတယ်။ ပြီးတော့... သူ့ရဲ့ ညာဘက်နားမှာ ဝတ်ထားတဲ့ နီလာပြာကျောက်နားကပ်လေးနဲ့ ပုံစံတူ၊ အရွယ်အစားတူ နောက်ထပ် နားကပ်သေးသေးလေးတစ်ခုကို အိတ်ထဲကနေ ဂရုတစိုက် ထုတ်ယူလိုက်တယ်။
"ဟာဂျွန်း... ဒီဘက်လှည့်ဦး..."
မင်းဂျယ်က တိုးတိုးလေးပြောရင်း ကျွန်တော့်အနားကို တိုးကပ်လာခဲ့တယ်။ သူ့ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတွေက ကျွန်တော့်ရဲ့ ဘယ်ဘက်နားရွက်ဖျားလေးကို အသာအယာ ကိုင်တွယ်လိုက်ပြီး... အဲဒီ နီလာပြာကျောက်နားကပ်လေးကို သေချာစွာ ဝတ်ဆင်ပေးလိုက်ပါတော့တယ်။ မင်းဂျယ်ရဲ့ မျက်နှာလေးက ကျွန်တော့်မျက်နှာနဲ့ လျှံထွက်လုနီးပါး နီးကပ်နေတာကြောင့် ကျွန်တော့်နှလုံးသားက ရင်ဘတ်ထဲကနေ ထွက်မတတ် ဒိန်းခနဲ ရင်ခုန်သွားခဲ့ရတယ်။
"ဒါက... ငါ့အမေ ချန်ထားခဲ့ပေးတဲ့ နားကပ်တစ်စုံလေ..." မင်းဂျယ်က ကျွန်တော့်ကို စိုက်ကြည့်ရင်း ဝမ်းနည်းရိပ်သန်းနေတဲ့ အပြုံးလေးနဲ့ ဆိုတယ်။ "တစ်ခုကို ငါဝတ်ထားပြီး၊ ကျန်တဲ့တစ်ခုကို မင်းအတွက် ငါအမြဲ သိမ်းထားခဲ့တာ။ ကျေးဇူးတင်ပါတယ် ဟာဂျွန်း... ငါ့ရဲ့ အမှောင်ထုတွေပြည့်နေတဲ့ ဘဝထဲကို ဝင်လာပေးလို့...။ ဒီနားကပ်ကို တစ်သက်လုံး သိမ်းထားပေးပါနော်...။ ဒီကမ္ဘာပေါ်မှာ ငါ့ဆီမှာ တစ်ခုရှိပြီး မင်းဆီမှာ နောက်တစ်ခု ရှိနေတယ်ဆိုတာ... မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် အနီးစပ်ဆုံး၊ အရင်းနှီးဆုံးလူသားတွေ ဖြစ်သွားပြီလို့ ပြောနေတာပဲ..."
မင်းဂျယ်ရဲ့ ဖြူစင်လွန်းတဲ့ စကားလုံးတွေက ကျွန်တော့်ရဲ့ ရင်ဘတ်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့တယ်။ ကျွန်တော် ဘာကိုမှ ထိန်းချုပ်မထားနိုင်တော့ဘူး...။
"မင်းဂျယ်..."
ကျွန်တော် သူ့နာမည်ကို လေသံတိုးတိုးလေးနဲ့ ခေါ်လိုက်ရင်း... ဆူးဆူးစိုက်စိုက် မျက်ဝန်းတွေနဲ့ သူ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို ငေးကြည့်မိတယ်။ မင်းဂျယ်ရဲ့ မျက်ဝန်းတွေထဲမှာ ထိတ်လန့်ခြင်းမရှိဘဲ ကျွန်တော့်ကို မျှော်လင့်တကြီး ပြန်လည်စိုက်ကြည့်နေတာကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ... ကျွန်တော် ရှေ့ကို တိုးကပ်လိုက်ပြီး မင်းဂျယ်ရဲ့ နှုတ်ခမ်းအစုံကို ဖိကပ်ကာ နမ်းရှိုက်လိုက်ပါတော့တယ်။
ပထမတော့... မင်းဂျယ်ရဲ့ အောက်နှုတ်ခမ်းအိအိလေးကို သာသာယာယာလေး ချော့မော့ပြီး စုပ်ယူမိတယ်။ မင်းဂျယ်က ရုန်းကန်ခြင်းမရှိဘဲ မျက်လုံးလေးတွေ မှိတ်ကျသွားကာ ကျွန်တော့်ရဲ့ အနမ်းတွေကို သာယာစွာ လက်ခံနေတာ သေချာသွားတဲ့အခါ... ကျွန်တော့်ရင်ထဲက မြတ်နိုးမှုတွေက အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာခဲ့ရတယ်။
ကျွန်တော် မင်းဂျယ်ရဲ့ ပါးပြင်လေးကို လက်နှစ်ဖက်နဲ့ အသာအယာ အုပ်ကိုင်လိုက်ပြီး... မင်းဂျယ်ရဲ့ နှုတ်ခမ်းချိုချိုလေးတွေကို ခပ်ကြမ်းကြမ်း၊ ခပ်နက်နက်လေး စုပ်ယူရင်း ငမ်းငမ်းတက် နမ်းရှိုက်မိတော့တယ်။ ပင်လယ်ရေငန်နံ့တွေကြားထဲမှာ... မင်းဂျယ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေဆီက ရနေတဲ့ အနမ်းအရသာက... ကျွန်တော်တို့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့နေ့က စားခဲ့ရတဲ့ စတော်ဘယ်ရီ သကြားလုံးထက်တောင် အဆပေါင်းများစွာ ပိုမိုချိုမြိန်လွန်းနေခဲ့ပါတော့တယ်။
Download NovelToon APP on App Store and Google Play