စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]

စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]

Chapter 1 + 2

°° စစ်သူကြီးပြောတာမနာခံရင် မင်းရဲ့ပြစ်မှုက သုံးဆဖြစ်မယ် °°

................

    ထန်လီတစ်ယောက် အကျဉ်းထောင်ခန်းကမြက်ဖုံးထားတဲ့ ကြမ်းပြင်‌ပေါ်မှာ ထိုင်နေပြီး လုံးဝမတရားခံနေရသလို မျက်နှာအမူအရာလေးနဲ့ သူ့ဒူးလေးနှစ်ဖက်ကို ပိုက်ထားခဲ့တယ်။

     သူက အပြစ်ကင်းတယ်။ သူစတင်ထွက်ခွာလာတုန်းက သူက လုံးဝကို ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ပြီး ကျန်းဟူတစ်ခွင်မှာ နာမည်တစ်လုံးနဲ့ နေချင်ခဲ့တာ...သူ ခင်မင်သိကျွမ်းခဲ့တဲ့တစ်ဂိုဏ်းတည်း အစ်ကိုကြီးနဲ့ ရုတ်တရက် ဆုံမယ်လို့ ဘယ်သူက တွေးမိမှာလဲ? သူတို့နှစ်ယောက် ရက်တော်တော်ကြာတဲ့ထိ စကားဝိုင်း ဖောင်ဖွဲ့ပြော၊ တူတူနေထိုင်ပြီးနောက် ဂိုဏ်းတူအစ်ကိုကြီးက နောက်အလုပ်ကိစ္စတစ်ခုနဲ့ ပြန်သွားခဲ့တယ်။

    ထန်လီတစ်ယောက် မတော်တဆလား တမင်တကာလား မသိခဲ့ပေမဲ့ သူ မြို့ထဲက ထွက်လာရုံရှိသေး သူ့လက်ထဲ ဂိုဏ်းတူအစ်ကိုကြီးရဲ့ခရီးသွားစာရွက်စာတမ်းတွေ ရောက်နေတယ်ဆိုတာ သတိပြုမိလိုက်တယ်။

   မြို့ဝင်ဂိတ်ရှိ အကောက်ခွန်အရာရှိက သူ့စာရွက်စာတမ်းတွေကို တစ်ချက်ကြည့်ပြီး သူ့ကို  အလွန်အံ့အားသင့်စွာ ကြည့်လာခဲ့တယ် "မင်း တကယ် အတင့်ရဲတာပဲ"

    ထန်လီက သူ့ကို ဖြူစင်တဲ့အကြည့်တွေနဲ့ ပြန်စိုက်ကြည့်ပြီး "အမ်?"

    အကောက်ခွန်အရာရှိက အော်ပြောခဲ့တယ် "အစောင့်တွေ! သူ့ကို ဖမ်းသွားစမ်း!"

    ထန်လီ မတုန့်ပြန်နိုင်ခင်မှာဘဲ သူ့လက်တစ်ဖက်တစ်ချက်စီကနေ အစောင့်တွေ ဖမ်းဆွဲကာ ခံလိုက်ရပြီး အဝေးခေါ်သွားခံခဲ့ရတယ်။ ဖရိုဖရဲ ဖြစ်နေချိန် သူ မြို့နံရံက ဝရမ်းပြေးတစ်ယောက်ရဲ့ ပုံကို ဖျတ်ခနဲ မြင်သွားတယ်။ အဲ့ဖမ်းဝရမ်းထဲက လူက သူ့ဂိုဏ်းတူအစ်ကိုကြီးပဲ!

   ထန်လီ အော်ပြောတော့တယ် "ခဏလေးနေကြပါအုံး! ကျွန်တော် အပြစ်ကင်းပါတယ်! ကျွန်တော် မတော်တဆ ယူခဲ့မိ......"

    နောက်တော့ သူ့လည်ပင်းကို လက်စောင်းခုတ်တာ ခံလိုက်ရတော့တာပဲ။

..........

    ထန်လီ တစ်နေ့လုံး အကျဉ်းထောင်ထဲမှာပဲ နေရတယ်။ သူ့ကို အစားအစာနဲ့ရေ လာပို့တဲ့လူတွေက လွဲပြီး အခြားဘယ်သူကိုမှ မမြင်ရသေးဘူး။ ထို့အပြင် ထောင်မှူးကလည်း ငအကြီးတစ်ယောက်လို သူ ဘာပြောပြော ဘာအမူအရာမှ မပြ။

    ထန်လီတစ်ယောက် မျှော်လင့်ချက် ဆုံးရှုံးတော့မယ့်အချိန်မှာ ရုတ်တရက် ခြေလှမ်းသံတွေကို ကြားလိုက်တယ်။ သူ သံတိုင်တွေနား ပြေးကပ်သွားတော့ အစောင့်တစ်စု ခြံရံပြီး လျှောက်လာတဲ့ ထောင်မှူးတစ်ယောက်ကို လှမ်းမြင်လိုက်တယ်။

    ထန်လီ သံတိုင်ကို အလျင်အမြန် ဆွဲကိုင်ပြီး အော်‌ပြောလိုက်တယ် "စစ်သူကြီး! ကျွန်တော်ကအပြစ်ကင်းပါတယ်!"

    ထိုလူက အနီရောင်ဝတ်စုံနဲ့ ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားတယ်။ သူ့မျက်လုံးတွေကဆီးနှင်းခဲတွေလို အလွန် အေးစက်နေပြီး ထိုခပ်နက်နက် မျက်ဝန်းတွေအောက်မှာ အလင်းတန်းတစ်ခု ရှိတယ်။ ထိုလူက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ချိန် ထန်လီနှလုံးသား တုန်ယင်ပြီး အကြောင်းပြချက်မရှိ ကျောချမ်းသွားမိတယ်။

   စစ်သူကြီးက ထန်လီကို လှည့်ကြည့်လာတယ် "ဟမ်?"

    ထန်လီ အေးခဲသွားပြီးမှ အောက်ကျို့ပြီး ပြန်ဖြေလိုက်တယ် "ကျွန်တော်က အပြစ်ကင်းပါတယ်။ ကျွန်တော် အခြားသူရဲ့ ခရီးသွားမှတ်တမ်းကို မတော်တဆ မှားယူလာမိပြီး အဖမ်းခံလိုက်ရတာပါ။"

     စစ်သူကြီးက အမူအရာမဲ့နေဆဲပါ "အပြစ်ကင်းတယ်?"

    ထန်လီ ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်တယ် "ဟုတ် ဟုတ်!"

    စစ်သူကြီးက သူ့ကို အချိန်တစ်ခုလောက် စိုက်ကြည့်ပြီးမှ ထန်လီကို ကြက်သီးထသွားစေလောက်မယ့် အပြုံးတစ်ပွင့် ပေးခဲ့တယ် " ငါတို့အုပ်ချုပ်ရေးကအသုံးမကျဘဲ အမှန်တရားကိုတွန်းလှန်ဖြိုဖျက်နေတယ်လို့ မင်းပြောချင်တာလား? ငါတို့ရာထူးကိုသုံးပြီးလာဘ်စားဖို့အတွက် ဥပဒေကိုဆန့်ကျင်ပြီး မှားယွင်းတဲ့လူကိုဖမ်းတယ်ပေါ့?"

   သူ့ဘေးရှိဘဏ္ဍာစိုးက မြန်မြန်ခေါင်းငုံ့ပြီးသူ့စာအုပ်မှာစတင်ရေးသားတော့တယ်။

   ထန်လီက ခေါင်းကြမ်းကြမ်းခါလိုက်တယ် "ကျွန်တော် အဲ့လိုပြောတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာက ခင်ဗျားလူမှားဖမ်းမိတာလို့ပဲပြောတာပါ"

    စစ်သူကြီးမျက်နှာက အေးစက်နေဆဲပါ "မင်းမပြောခဲ့ပါဘူး။ ဒါပေမဲ့ မင်းသိသိသာသာကိုစောင်းပြောနေတာပဲလေ"

     ထန်လီမတရားခံရသလိုခံစားနေရပြီ

"ကျွန်တော်တကယ်မပြောခဲ့ပါဘူး"

    စစ်သူကြီးကမျက်လုံးမှေးကျဉ်းလိုက်တယ် "အလိမ်အညာတွေဖြန့်ဝေပြီး အုပ်ချုပ်ရေးကိုအသရေဖျက်တယ်။ မင်းပြစ်မှုနှစ်ဆတိုးသွားပြီ"

    ထန်လီအေးခဲသွားတယ် "....သောက်ကျိုးနည်းကြီးပါလား?"

    စစ်သူကြီးအေးစက်စက်ရယ်လိုက်တယ် "သောက်ကျိုးနည်းကြီး? အရာရှိတစ်ယောက်ကိုစော်ကားဖို့ညစ်ညမ်းတဲ့စကားတွေသုံးနှုန်းတယ်။ မင်းပြစ်မှုနှစ်ဆထပ်တိုးသွားပြီ"

    ဘဏ္ဍာစိုးကလည်း အရာအားလုံးကိုပြုံးဖြဲဖြဲနဲ့ဆက်ရေးမှတ်နေခဲ့တယ်။

    ထန်လီက သံတိုင်ကိုကိုင်ပြီးခေါင်းကြမ်းကြမ်းတမ်းတမ်းခါရမ်းလိုက်တယ်။ သူသနားစရာကောင်းစွာငိုယိုလာပြီးရှင်းပြခဲ့တယ် "ဒါက ကျွန်တော် စကားပြောတဲ့နည်းပါ...ခင်ဗျားလည်း အဲ့စကားကို ပုံမှန်အားဖြင့်မပြောဖူးဘူးလား?......"

     စစ်သူကြီးကလက်တစ်‌ဖက်မြှောက်ပြီး သံတိုင်ကိုဆုပ်ကိုင်ထားတဲ့ ထန်လီလက်ချောင်းတွေကိုထိလိုက်ပြီး ထပ်ပြောခဲ့တယ် "အရာရှိတစ်ယောက်ကို မလေးစားတဲ့အတွက် မင်းပြစ်မှုကသုံးဆဖြစ်သွားပြီ"

     ဘဏ္ဍာစိုးကလည်း ခေါင်းတညိတ်ညိတ်နဲ့ဆက်လက်ရေးမှတ်နေခဲ့တယ်။

    ထန်လီ သောက်ရမ်းဆွံ့အသွားခဲ့တယ်။ အချိန်တစ်ခုကြာတော့ သူ့လက်တွေကိုပြန်ရုပ်ပြီး ထောင့်တစ်ထောင့်ကိုတိတ်တဆိတ်ဆုတ်ခွာသွားခဲ့တယ်။

သေစမ်း! ဒီလူက တစ်ခုခုချို့ယွင်းနေပုံပဲ!

..............

    ထန်လီကထပ်ပြီးစကားမပြောရဲတော့ပေမဲ့လည်း စစ်သူကြီးကတော့ သူ့ကိုလွှတ်ပေးဖို့စိတ်ကူးရှိပုံမရပါဘူး။ အကျဉ်းထောင်အပြင်ဘက်မှာ လက်ပိုက်ရင်းမတ်တပ်ရပ်နေပြီး သူ့မေးစေ့ကိုဟန်ပါပါပွတ်သပ်နေခဲ့တယ်။

   သူ့ဘေးမှာရပ်နေတဲ့လူကလည်း ရှေ့ကိုတိုးလာပြီး လက်ပါးစေတစ်ယောက်လိုအသံနဲ့

"အရာရှိလီ, ဒီငယ်သားအမြင်ကတော့ ဒီလူရမ်းကားက အလွန်တရာကလိမ်ကကျစ်ကျလွန်းပါတယ်။ ပထမတော့ သူကအပြစ်ကင်းတယ်လို့ပြောတယ်, နောက်တော့ အုပ်ချုပ်ရေးကိုစော်ကားခဲ့တယ်။ အချိန်တစ်ချို့ကြာတော့ အရာရှိလီကို‌တောင် မသင့်မတော်ထိကိုင်ဖို့ကြိုးစားခဲ့သေးတယ်။ သူက သိသိသာသာကိုနောင်တရပုံမရှိပါဘူး။ ကျွန်တော်တို့တွေ ချက်ချင်းသတိပေးနှိုးဆော်ရပါမယ်"

     စစ်သူကြီးကခေါင်းညိတ်ပြခဲ့တယ် "မင်း မှန်တယ်"

    အန္တရာယ်ရှိတဲ့လူရမ်းကားလေးထန်လီကတော့ထောင့်‌တစ်‌ထောင့်မှာ ကွေးနေပြီး မြက်တွေကိုသာ ဝမ်းနည်းပူဆွေးစွာ ဆောင့်နင်းနေခဲ့တယ်။

     အခြားတပ်သားတစ်ယောက်ကထပ်ပေါင်းပြောခဲ့တယ် "ကျွန်တော်ကြားတာ ဒီလူရမ်းကားက အလွန်တရာဖမ်းရခက်တယ်။ သူ့ကိုယ်သူဖုံးကွယ်ထားနိုင်ပြီးနေရာတိုင်းကိုထိုးဖောက်ဝင်ရောက်နိုင်တယ်။ သူ မကျူးလွန်ဖူးတဲ့ဆိုးယုတ်မှုဆိုတာမရှိပါဘူး။ ဒီငယ်သားက အဲ့ဒီလူရမ်းကားထွက်ပြေးဖို့ကြံစည်မှာကိုစိုးရိမ်မိပါတယ်"

     စစ်သူကြီးကလက်ခုပ်တီးလိုက်တယ် "အစောင့်တွေ!"

    ထန်လီအကြောက်တရားကြောင့်ထခုန်မိသွားတယ်။ သူက အတင်းဆွဲထုတ်ခံရပြီးကွပ်မျက်ခံ‌ရတော့မယ်လို့ထင်သွားခဲ့တယ်။

    စစ်သူကြီးရဲ့အမူအရာကအလွန်တရာကိုတည်ကြည်နေပါတယ် "သူ့ကို ထျန်းစီအိမ်‌တော်ကိုပို့လိုက်, ငါကိုယ်တိုင် စောင့်ကြပ်ထားမယ်"

    ထန်လီ စိတ်သက်သာရာရစွာသက်ပြင်းချတော့မယ့်အချိန်မှာ စစ်သူကြီးရဲ့သိမ်းငှက်လိုမျက်လုံးတွေနဲ့ဆုံမိပြီး ရုတ်တရက်မကောင်းတဲ့ခံစားချက်တစ်ခုရခဲ့တယ် "ကျွန်တော် ဒီမှာပဲနေလို့ရလား?"

     စစ်သူကြီးက အသံမာမာနဲ့ပြောခဲ့တယ် "ရိုင်းပျလိုက်တာ!"

    ထန်လီ: "ကောင်းပြီ ကောင်းပြီ ကျွန်တော်ကအရိုင်းကောင်ပါ"

 

    စစ်သူကြီး : "ဥပဒေကိုလျစ်လျုရှုတဲ့အတွက် မင်းရဲ့ပြစ်မှုက......"

    ထန်လီ: "ရပ်! ကျွန်တော်နားထောင်ပါ့မယ်။ ခင်ဗျား ကျွန်တော်ကိုအရေခွံနွှာလို့လည်းရတယ် သတ်ပစ်ရင်လည်းကိစ္စမရှိပါဘူး!"

   အရာရှိကြီးက သူ့ကိုအေးစက်စက်တစ်ချက်ကြည့်ပြီး သူ့ကိုယ်သူမိတ်ဆက်ခဲ့တယ် "ငါ့နာမည်လီရှင်းဝူ"

   ထန်လီတွေဝေသွားတယ် "ဟုတ်ကဲ့ ကျွန်တော့်ကို ထန်လီလို့ခေါ်နိုင်ပါတယ်"

   စစ်သူကြီးက အေးစက်စက်ရယ်ခဲ့တယ် "မေးလည်းမမေးဘဲနဲ့....အစောင့်တွေ သူ့ကိုခေါ်သွားတော့"

    ထန်လီ စိတ်ဆိုးမာန်ဆိုးနဲ့ မြက်ပင်ကို ဆောင့်နင်းလိုက်တယ်။

____________

Chapter 2

ထန်လီတစ်ယောက် ထျန်းစီအိမ်တော်ကအထူးသီးသန့်အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတယ်။ သူထွက်ပြေးသွားမှာကိုတားဆီးဖို့       လီရှင်းဝူကိုယ်တိုင် သူ့ကိုစောင့်ကြပ်နေတယ်။

  လီရှင်းဝူက သူ့ကို အကျဉ်းထောင်ထဲတွန်းလိုက်တယ် "နာခံစမ်းပါ"

  ထန်လီက အိပ်ရာပေါ်ထိုင်နေပြီး သူ့ဒူးတွေကိုပိုက်ကာသူ့မျက်နှာကိုလက်မောင်းတွေကြားထဲဝှက်ထားလိုက်တယ်။ သူ့ရဲ့မကျေမနပ်ချက်တွေနဲ့ပြည့်နေတဲ့မျက်ရည်လဲရွှဲအမူအရာကိုသာမြင်နေရတယ်။

  လီရှင်းဝူက သူ့ကိုစက္ကန့်ပိုင်းလောက်စိုက်ကြည့်ပြီးမှ မေးလိုက်တယ် "မင်းက မကျေနပ်ဘူးလား?"

   ထန်လီက ငေါ့တော့တော့ပြန်ဖြေလိုက်တယ်  "မလုပ်ရဲပါဘူး"

   အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် လီရှင်းဝူရဲ့ခပ်ဖွဖွရယ်သံကို သူကြားလိုက်ရတယ်။

   သူထပ်မော့ကြည့်လိုက်တော့ ထိုလူကပျောက်ကွယ်သွားပြီးဖြစ်တယ်။

  ထန်လီက သတိရှိရှိတံခါးနားကပ်လာပြီးအားစိုက်ချောင်းကြည့်လိုက်တယ်။ လီရှင်းဝူတကယ်ထွက်သွားတာသေချာပြီဆိုမှ သူတံခါးသော့ကိုစတင်စစ်ဆေးခဲ့တယ်။ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ သူက တံခါးသော့ဖွင့်ခြင်းအတတ်ပညာက သူ့အကျွမ်းကျင်ဆုံးပဲဖြစ်တယ်။ ဒီသော့က အရမ်းကြီးမခက်ခဲပေ။ သူ ခုထိမထွက်ပြေးရသေးတဲ့တစ်ခုတည်း‌ သောအကြောင်းရင်းက သူကအပြစ်ကင်းတယ်ဆိုတာယုံကြည်လို့ပဲဖြစ်တယ်။ သူသာရှင်းပြလိုက်ရင် သူတို့က သူ့ကိုလွှတ်ပေးလိမ့်မယ်။ ကံဆိုးစွာနဲ့ လီရှင်းဝူရဲ့သမာသမတ်မကျမှုကိုကြည့်ပြီး ထန်လီတစ်ယောက် မျှော်လင့်ချက်တစ်ခုကိုမှလက်ကိုင်မထားနိုင်တော့ပေ။

    သူ့ပါးစပ်ထဲက ဝါးချောင်းသေးသေးလေးကိုထွေးထုတ်လိုက်တယ်။ သူလိုအပ်လာနိုင်မယ့်ကိစ္စတစ်ခုအတွက်ယခင်ရုန့်ရင်းဆန်ခတ်မှုမှာ ၎င်းကိုဖွက်ထားဖို့ရည်ရွယ်လိုက်တာဖြစ်တယ်။

   အချိန်တစ်ခုလောက် စမ်းတဝါးဝါးလုပ်ပြီးချိန်မှာ သူအောင်မြင်စွာသော့ဖွင့်နိုင်လိုက်တယ်။ ထန်လီ ထိုဝါးချောင်းကို သူ့လျှာအောက်ဂရုတစိုက်ပြန်ဝှက်လိုက်ရင်း တံခါးကိုတိတ်တဆိတ်ဖွင့်လိုက်တယ်။ သူ့မှတ်ဉာဏ်တွေအရ သူစတင်အပြင်ထွက်လမ်းလျှောက်လာခဲ့တယ်။

   သို့ပေမဲ့လည်း သူ ထောင့်တစ်ခုဘက်ချိုးပြီးလျှောက်တော့မယ့်အချိန်မှာ ခြေလှမ်းသံတွေကိုကြားလိုက်ရတယ်။ တစ်ဖက်ထောင့်မှာလမ်းလျှောက်လာတဲ့သူကတော့ လီရှင်းဝူရဲ့လှပတဲ့ဘေးတိုက်မျက်နှာပဲဖြစ်တယ်။

   ထန်လီတစ်ယောက် ထိတ်လန့်မှုကြောင့်ငိုချင်စိတ်ပါပေါက်သွားရတယ်။ သူ နေရာကနေ ချက်ချင်းထွက်ခွာကာ အမှောင်ထဲမှာသွားပုန်းနေခဲ့တယ်။

   လီရှင်းဝူ သူ့ကိုမမြင်နိုင်လောက်ဘူးဆိုတာသူယုံကြည်တယ်။

..........

   လီရှင်းဝူက သူ့ဆီဖြည်းဖြည်းချင်းလျှောက်လာတဲ့အတွက် ထန်လီ အသက်ရှုအောင့်ထားမိတယ်။သူ့နောက်ကျောက နံရံထဲဝင်သွားလောက်အောင်တစ်သားတည်းကပ်နေခဲ့တယ်။ ဒီလျှောက်လမ်းကအတော်ကြီးကိုကျယ်တဲ့အတွက် လီရှင်းဝူသာ နံရံဘေးကနေကပ်လျှောက်မလာခဲ့ရင် သူ့ကိုမြင်နိုင်မှာမဟုတ်ပေ။

   ငါးစက္ကန့်ကြာတဲ့အခါ.......

  နံရံနဲ့ပွတ်တိုက်သွားလောက်တဲ့ထိ အလွန်နီးနီးကပ်ကပ်လျှောက်လာတဲ့လီရှင်းဝူကြောင့်    ထန်လီ တိတ်တဆိတ်ကျိန်ဆဲလိုက်မိတယ် "မင်းမှာ ဦးနှောက်ပြဿနာရှိနေတယ်လို့ငါမပြောခဲ့ဘူးလား? မင်းမှာ တကယ်ကိုရှိနေတာ!"

   မထင်မှတ်စွာပဲ လီရှင်းဝူဆက်လျှောက်လာပြီးမှ ထန်လီရှေ့နားအရောက်မှာ ရပ်တန့်သွားခဲ့တယ်။ ထန်လီက လီရှင်းဝူတစ်ယောက်ရုတ်တရက်နောက်လှည့်ပြီးဆန့်ကျင်ဘက်လမ်းကိုလျှောက်သွားပါစေလို့ ဆုတောင်းနေဆဲအချိန်မှာ လီရှင်းဝူရဲ့လက်တွေက သူ့ရင်ဘတ်ကိုရုတ်တရက်ထိလာခဲ့တယ်။

   ထန်လီ: "......."

  သူက ဒီနေ့မှ ရင်ဘတ်နားမှာအပေါက်အကြီးကြီးဖြစ်နေတဲ့ယူနီဖောင်းအပြဲကိုဝတ်ဆင်ထားခဲ့တယ်။ စက္ကန့်အနည်းငယ်အကြာမှာ လီရှင်းဝူရဲ့ပွတ်သပ်ပေးမှုက သူ့နားကိုနီရဲစေပြီးစိတ်ဗလာဖြစ်သွားစေတယ်။ အနည်းငယ်ကြင်ကြင်နာနာပွတ်သပ်ပေးပြီးနောက် လီရှင်းဝူက အခြားလူတစ်ယောက်ကိုပွတ်သပ်ပေးနေတယ်ဆိုတာ တကယ်မသိသလို ထန်လီရင်ဘတ်ကိုပျော်ပျော်မြူးမြူးနဲ့ဆက်လက်နှိပ်နယ်လာခဲ့တယ်။ သူအမူအရာမဲ့နေတဲ့မျက်နှာနဲ့ တီးတိုးရေရွတ်နေခဲ့တယ် "ဒါကဘာလဲ?"

   ထန်လီ ဆက်ပြီးသည်းမခံနိုင်တော့ပေ။ နီရဲနေတဲ့မျက်နှာနဲ့ သူ လီရှင်းဝူလက်ကိုတွန်းဖယ်လိုက်တယ်။  "မင်း! မင်းထိလို့ဝပြီလား?!"

   လီရှင်းဝူမျက်နှာအမူအရာအေးစက်သွားခဲ့တယ် "မင်း ဘာလို့ဒီရောက်နေတာလဲ?"

   ထန်လီစိတ်ဆိုးမာန်ဆိုးနဲ့ "မင်း ဘာလို့ငါ့ကိုထိနေရတာလဲ?!"

   လီရှင်းဝူအေးစက်စက်ရယ်လိုက်တယ် "ငါက သရဲတစ်ကောင်မြင်လိုက်တယ်လို့ထင်နေတာ မင်းဖြစ်နေမယ်လို့ ဘယ်ထင်လိမ့်မလဲ?"

   ထန်လီ သူ့ကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်တယ် "ငါသာ တကယ်သရဲဆိုရင် မင်း ငါ့ကိုတကယ်ထိရဲမှာတဲ့လား?"

   လီရှင်းဝူက အန္တရာယ်ရှိရှိ သူ့မျက်လုံးကိုမှေးကျဉ်းလိုက်တယ် "ငါထိရဲရုံမကဘူး"

   ထန်လီ သူ့ကိုဆက်ပြီးမချေပနိုင်တော့ပေ။ ဒီကလိမ်ကကျစ်ကောင်က ဒီ့ထက်ပိုဆိုးရွားတာတွေပြောလာမှာကို သူကြောက်နေမိတယ်။

   မှိန်ဖျော့ဖျော့လရောင်အောက်မှာ လီရှင်းဝူက သူ့ကိုငုံ့ကြည့်လိုက်တယ် "မင်းမျက်နှာ နီရဲနေတယ်"

  ထန်လီက သူ့မျက်နှာကိုပွတ်သပ်လိုက်တယ် "မင်း ငါ့ကိုထိလိုက်တာကြောင့်မဟုတ်ဘူးလား?"

  လီရှင်းဝူအသံက တုံးတိတိဖြစ်နေခဲ့တယ် "မင်းက အကျဉ်းထောင်ကထွက်ပြေးလာရုံသာမကဘူး, အကျင့်ပါပျက်လာတာပဲ"

  ထန်လီ‌ ဒေါသထွက်သွားခဲ့တယ် "ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူကအကျင့်မကောင်းတဲ့သူလဲ?"

   လီရှင်းဝူက ယုံကြည်မှုအပြည့်ဖြစ်နေခဲ့တယ် "သေချာပေါက် မင်းပေါ့...မင်းက ငါ့လက်ကိုထိချင်လို့ မင်းရင်ဘတ်ကိုအသုံးချခဲ့တာလေ"

    ထန်လီ ဆတ်ခနဲကိုက်ပစ်တော့မလိုဖြစ်နေခဲ့တယ် "မင်း! မင်းက အရမ်းကလိမ်ကကျစ်ကျတာပဲ!"

   လီရှင်းဝူ: "အင်း"

  

  ထန်လီ သူ့ဘာသာခေါင်းကိုနံရံနဲ့တိုက်ပြီးသေပစ်ချင်‌စိတ်ပေါက်သွားခဲ့တယ်။ "ငါက တကယ်အပြစ်ကင်းတယ်။ ငါ့ကိုအမှုလျှောက်လဲခွင့်တောင်မပေးဘဲ ဘာလို့ရည်ရွယ်ချက်ရှိရှိစွဲချက်တင်လိုက်ရတာလဲ?"

  လီရှင်းဝူမျက်လုံးတွေ အရောင်လက်သွားခဲ့တယ် "မင်းက အပြစ်ရှိတယ်"

   ထန်လီ: "ဘာလဲ?"

   လီရှင်းဝူအမူအရာက တည်ကြည်သွားတယ် "မင်းကော်လံက အရမ်းကျယ်နေတယ်။ မျက်လုံးပါတဲ့ဘယ်သူမဆို မင်းကလူကောင်းမဟုတ်ဘူးဆိုတာပြောနိုင်တယ်"

   ထန်လီပြန်ပြောခဲ့တယ် " ဒါကဂိုဏ်းဝတ်စုံလေ, မင်း ငါ့ကိုဘာလို့အပြစ်တင်နေရတာလဲ?"

   လီရှင်းဝူက ထန်လီမျက်လုံးတွေထဲစိုက်ကြည့်နေခဲ့တယ် "မင်းမျက်လုံးတွေကအနီရောင်ဖြစ်နေတယ်။ ဘယ်သူမဆို မင်းလူကောင်းမဟုတ်တာကိုသေချာပေါက်ပြောနိုင်တယ်"

   ထန်လီငိုချင်လာတယ် "ငါ မွေးကတည်းကအဲလိုပဲ..."

   လီရှင်းဝူက စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးမှ ရယ်မောလိုက်တယ်။ သို့ပေမဲ့လည်း သူချက်ချင်း အေးစက်ပြီးသီးသန့်ဆန်တဲ့အမူအရာဆီပြန်ပြောင်းသွားခဲ့တယ် "စကားတွေရှုပ်ထွေးပြီး ဆင်ခြေရှာနေတယ်"

   ထန်လီ: "......"

  မင်း လုံးဝစိတ်ဖောက်သွားပြီလား, ခွားသတောင်းစေးရဲ့?

(ခွားသတောင်းစေး\=ခွေးသူတောင်းစား)

.............

    နောက်တော့ လီရှင်းဝူက သူ့ကို အကျဉ်းထောင်ထဲ ဒီနေ့အတွက်ဒုတိယအကြိမ်ဆွဲခေါ်သွားခဲ့တယ်။

  ထန်လီကူကယ်ရာမဲ့နေခဲ့တယ် "မင်း ငါ့ကိုဘယ်လောက်ကြာကြာထိန်းသိမ်းထားမှာလဲဆိုတာ ငါ့ကိုပြောပြစမ်းပါ, ဒါမှ ငါ့မှာမျှော်လင့်ချက်ရှိမှာ"

  လီရှင်းဝူက သူ့မေးစေ့ကိုပွတ်လိုက်တယ် "10ရက်, 15ရက်လောက်ပါပဲ"

   ထန်လီတစ်ယောက် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်တယ် "ဒါဆို အဆင်ပြေတယ်။ မင်း ဘာလို့စောစောတည်းကမပြောရတာလဲ? မင်း ငါ့ကိုခြောက်လန့်နေတာ....."

   သို့ပေမဲ့ သူစကားတောင်မဆုံးသေးခင် လီရှင်းဝူက ကြားဖြတ်ပြောလိုက်တယ် "ဒါပေမဲ့ ထွက်ပြေးဖို့ကြိုးစားတဲ့အပြင် အကျင့်ပျက်တဲ့အပြုအမူတွေပါလုပ်ခဲ့တဲ့အတွက် မင်းကို အနှစ်၈၀လောက်ပိတ်လှောင်ထားရတော့မယ်"

    ထန်လီ:"......."

   သေစမ်း! သေစမ်း! သေစမ်း!

   လီရှင်းဝူက ဥပေက္ခာပြုထားတဲ့မျက်နှာအမူအရာနဲ့ လှည့်တောင်ထွက်သွားလိုက်သေးတယ်။

   ဒါပေမဲ့ ထန်လီက လီရှင်းဝူတစ်ယောက်ကကြိတ်ရယ်ချင်နေတာကိုထိန်းချုပ်နေတယ်ဆိုတာကျိန်ပြောရဲတယ်။

   ထန်လီ : "ငါလူးကောင်, ခွေးစစ်သူကြီး"

................

Episodes
Episodes

Updated 1 Episodes

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play