ပေါက်သာကုန်း
မောင်သာအေးနှင့် ဝတ္ထုတိုများဆန်းကြယ်ထိတ်လန့်ဖွယ်ရာ စာပေကမ္ဘာ????
ကျွန်ုပ်၏ စာအုပ်စင်
၁။ပေါက်သာကုန်းရွာပျက် (Chapter 1)ပေါက်သာကုန်းရွာ ပျောက်ကွယ်သွားရသော အကြောင်းရင်း...
၂။ ပေါက်သာကုန်းရွာပျက် (Chapter 2)မိထွေးလေးရယ်၊ ကိုကြီးသာအေးရယ်နှင့် ရွာပျက်ကြီးရဲ့ နိဒါန်း...????
လက်ရှိဖတ်ရှုနေသော
ဝတ္ထုပေါက်သာကုန်းရွာပျက်
(ပထမပိုင်း)
ရေးသူ - တနယ်တကျေးမှအမေ့သားငယ် ကိုကို
မြေပုံပေါ်မှာ ရှာရင်တောင် မတွေ့နိုင်တော့တဲ့ ရွာပျက်ကြီး "ပေါက်သာကုန်း"...။
ဇာတ်လမ်းအစက ပြောရမယ်ဆိုရင်တော့ မောင်သာအေးတစ်ယောက် အကြောင်းကပဲ စပြောရမှာပေါ့ဗျာ။ တစ်ခါတုန်းက ကျွန်တော် အရီးလေးရွာကို အလည်သွားရင်းနဲ့ မောင်သာအေးဆိုတဲ့သူနဲ့ စကားလက်ဆုံ ပြောဖြစ်ကြတာပေါ့။ သူက အသက် ၃၅ နှစ်လောက်တော့ ရှိမယ်ထင်တယ်။ သူ့ကို "သာအေး... သာအေး" လို့ ရွာထဲကလူတွေ အကုန်လုံး ခေါ်ကြတော့ ကျွန်တော်လည်း "ကိုကြီးသာအေး" လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ပြောဆိုရင်း စကားစပ်မိကြတာပေါ့ဗျာ။ သူက လူရိုးလူအေးဗျ။ နာမည်နဲ့လိုက်အောင်ပင် တကယ်အေးလွန်းပြီး သတ္တိရှိတဲ့ လူတစ်ယောက်ဗျာ။ ဟီးဟီး... ဒါနဲ့ စကားမစပ် သူက လူပျိုကြီးဗျို့။ ရွာက အပျိုတစ်သိုက်အကြောင်း စကြနောက်ကြရင်းကနေ သူ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းကို ရင်ဖွင့်ပြရှာတာဗျ။သူတို့ဆီက အညာဒေသဆိုတော့ ကိုင်းတွေ ယာတွေပဲ လုပ်ကိုင်စားသောက်ကြတဲ့သူတွေကြီးဆိုတော့ သူလည်း ယာလုပ်တယ်ဗျ။ သူတို့ဆီမှာ လမ်းပန်းဆက်သွယ်ရေးက ဒီလောက်ကြီး မထွန်းကားသေးတော့ ယာတွေ ကိုင်းတွေက ထွက်တဲ့ ကောက်ပဲသီးနှံတွေကို နွားလှည်းလေးတွေနဲ့ သယ်ရတာဗျာ။???? မျတ်ချက်။ ။ နွားလှည်းဆိုတာကတော့ လွယ်လွယ်ပြောရရင် နွားနှစ်ကောင်ရဲ့ ကျောကုန်းပေါ် ထမ်းပိုးတင်ပြီး၊ နောက်ကနေ လှည်းဝန်ရိုးတပ်၊ ဘီးနှစ်ဘီး တပ်ဆင်ထားတာကို ပြောတာပါ။ပြီးတော့ဗျာ... ယာတွေ ကိုင်းတွေ ထွက်ပြီဆိုရင်လည်း ယာစောင့်တဲ၊ ကိုင်းစောင့်တဲလေးတွေနဲ့ စောင့်ကြ၊ လုပ်ကြရတာဗျို့။ တစ်ခါတော့ ကိုကြီးသာအေးက သူ့ရဲ့ နွားညိုကြီးတစ်ရှင်းနဲ့ လှည်းတပ်ပြီး ယာထဲကို ထွက်လာခဲ့တယ်ဆိုပဲ။???? မှတ်ချက်။ ။ တစ်ရှင်း ဆိုတာ နွားနှစ်ကောင်ကို ပြောတာပါ။သူတို့ယာခင်းကလည်း ရွာနဲ့ အတော်လေးလှမ်းပြီး ၄၅ မိနစ်လောက် လှည်းမောင်းရတယ်လို့ ပြောတယ်ဗျ။ သီချင်းလေး တအေးအေးနဲ့ လှည်းကလေးကို တညိမ့်ညိမ့်မောင်းလာတာပေါ့ဗျာ။ သူတို့ယာမရောက်ခင်လေးမှာ ချောက်ရှိုမြောင်းတစ်ခုကို ဖြတ်ရတယ်တဲ့ဗျ။ အဲဒီနေရာမှာ ကိုကြီးသာအေးတစ်ယောက် စပြီး ကြုံရတော့တာပဲ..."ဟျောင်းသာအေး... နေစောင်းနေပြီဟ။ မြန်မြန်လေးသွား..." လို့ လှမ်းပြောသံ ကြားလိုက်ရတယ်။ ကိုကြီးသာအေးကလည်း ဘယ်သူတုန်းဟဆိုပြီး လှည့်ကြည့်လိုက်တော့ ရွာထဲက ကိုကြီးလှကျော် ဖြစ်နေတာနဲ့ လှမ်းမေးလိုက်တယ် "ကိုကြီးလှကျော် ပြန်လာပြီလားဗျ..."[ကိုလှကျော်]"အေးကွာ သာအေးရ... မင်းလည်း အေးအေးလုပ်မနေနဲ့ဟ။ လှည်းကို မြန်မြန်မောင်းဦး။ နေဝင်ရီတရော ဖြစ်နေပြီ... ဒီကအကြောင်းလည်း မင်းမသိတာ မဟုတ်ဘဲနဲ့ကွာ။"[ကိုသာအေး]"ဟုတ်ကဲ့ပါဗျ ကိုလှကျော်ရ။ ဒီကောင်ကြီးနှစ်ကောင်က သိပ်မသွားချင်ရှာဘူးဗျ ကိုကြီးလှကျော်ရဲ့... ဟဲ့... မောင်ညို၊ သွားစမ်းကွာ!"သူလည်း သူ့နွားညိုနှစ်ကောင်ကို ကြိမ်လေးနဲ့တို့ပြီး ခပ်သွက်သွက်လေး မောင်းထွက်လာခဲ့တာပေါ့ဗျာ။ လမ်းမှာလည်း ရွာကလူကြီးတွေ ပြောဖူးတာတွေကို ဟိုတွေးဒီတွေးနဲ့ပေါ့။ သိပ်တော့မကြာလိုက်ဘူးဗျ၊ နာရီဝက်လောက်အတွင်းမှာပဲ သူတို့ယာတဲလေးကို ရောက်သွားတော့တာပဲ။ရောက်တော့လည်း မှောင်ရိပ်ပျိုးစတောင် ရောက်နေပြီဆိုတော့ သူလည်း လှည်းလေးဘာလေးဖြုတ်၊ နွားညိုနှစ်ကောင်ကို လှည်းပေါ်ကပါလာတဲ့ ကောက်ရိုးစင်းထားတဲ့ နွားစာလေးနဲ့ မှော်လေးတွေရောပြီး နွားစာကျွေး, ပြီးတော့ နွားချည်တိုင်မှာ ချည်နှောင်ထားခဲ့လိုက်တာပေါ့။ကိုကြီးသာအေးလည်း လုပ်စရာရှိတာတွေလုပ်ပြီး မီးမွှေးဖို့ ပြင်တယ်ပဲဆိုပါစို့။ ကျွန်တော်လည်း သူပြောပြတဲ့အတိုင်း တသွေမတိမ်း ပြန်ရေးပြရတာဗျို့။ ညဘက်ဆိုတော့ ယာစောင့်ရင်း မီးလေးဖို၊ ပါလာတဲ့ ရေနွေးကြမ်းလေးနဲ့ ထန်းလျက်ခဲလေးနဲ့စားပြီး၊ ဟိုအနားဒီအနားကို သုံးလုံးဓာတ်မီးလေးနဲ့ ဟိုထိုးကြည့်ဒီထိုးကြည့်ပေါ့ဗျာ။ တစ်ယောက်တည်းဆိုတော့ စကားပြောဖော်လည်းမရှိ၊ ဟိုတွေးဒီတွေးနဲ့ ညကလည်း နက်လာတော့ အိပ်ချင်ချင်ဖြစ်တာနဲ့ ယာတဲပေါ်တက်ပြီး အိပ်ဖို့ပြင်တာပေါ့ဗျ။အဲဒီမှာဗျာ... ဆူညံဆူညံ အသံတွေကြားလို့ ကိုကြီးသာအေးလည်း လန့်နိုးပြီး စောင့်နာရတော့တာပဲ။ ဖြစ်ချင်တော့ သူတို့အနီးအနားမှာ အမျိုးသားကြီး ၃ ယောက်တဲ့ဗျ။ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတယ်ဆိုပဲ။ သူလည်း ဘယ်သူဘယ်ဝါမှန်း မသိတာနဲ့ လှမ်းမခေါ်ဘဲ အသာအယာ ကြည့်နေလိုက်တာပေါ့။ ခဏအကြာတော့ လူတွေလည်း မျက်ခြည်ပြတ်ပြီး အသံတွေ မကြားရတော့ဘူးဗျို့။ သူလည်း အိပ်မောကျသွားတာပေါ့။ အညာသူအညာသားတွေဆိုတော့ အလုပ်က နေပူထီးထီးမှာ လုပ်ရလို့ ပင်ပန်းတာကိုးဗျ။အိပ်မောကျနေတုန်း... "ငါ့ညီ... ငါ့ညီ... အကူအညီတောင်းစရာရှိလို့" ဆိုပြီး ယာတဲထဲကို ခုနက လူ ၃ ယောက် ပြန်ရောက်လာပါရောဗျာ။ ကိုကြီးသာအေးလည်း အိပ်ချင်မူးတူးနဲ့ပေါ့ဗျာ။ "လာ... လာ... ထိုင်ကြဗျာ" ဆိုပြီး ကိစ္စတွေကို ပြောပြခိုင်းလိုက်တယ်။[ဧည့်သည် ၃ ယောက်]"ဖြစ်ပုံက ဒီလိုဗျ... ကျွန်တော်တို့ ၃ ယောက်ဗျာ၊ မှောင်ကလည်းမှောင်၊ ညကလည်းနက်ဆိုတော့ လမ်းပျောက်နေလို့ဗျ။"[ကိုသာအေး]"အဲဒါဆိုလည်း ခုည ဒီမှာပဲ တစ်ညအိပ်လိုက်လေဗျာ။ ကျွန်တော်လည်း အဖော်ရတာပေါ့။ မနက်မှ ခရီးဆက်ကြလေ။"[ဧည့်သည်များ]"မဖြစ်ဘူးဗျ... ခုနေည ရွာရောက်မှဖြစ်မှာဗျ။ အရေးကြီးကိစ္စနဲ့ ရွာကို အမြန်ပြန်မှဖြစ်မှာမို့လို့ပါ။"ကိုကြီးသာအေးကလည်း အရေးကြီးကိစ္စဆိုတော့ ရှည်ရှည်ဝေးဝေး မမေးတော့ဘူးပေါ့ဗျာ။ သူတို့က ဆက်ပြောတယ်ဗျ... "ဒီက ငါ့ညီ... အကိုတို့ကို တစ်ခုလောက် ကူညီပေးပါဦးကွာ" တဲ့။ အညာသားတွေဆိုတာ သိတဲ့အတိုင်းပဲလေ၊ သူများအခက်အခဲဖြစ်နေရင် ကူညီလိုက်ရမှ စားဝင်အိပ်ပျော်တဲ့ လူစားမျိုးတွေဆိုတော့... ????[ကိုသာအေး]"ရပါတယ်ဗျာ။ ဘာကူညီရမလဲ။"[ဧည့်သည်များ]"ကျွန်တော်တို့မှာ မီးက ပါမလာတော့... ဒီက ငါ့ညီ ဟိုအနားဒီအနားအထိ နည်းနည်းလောက် မီးလေးနဲ့ ကူပြီး လမ်းပြပေးပါလားကွာ။""ရပါတယ်ဗျာ" ဆိုပြီး ပြောပြောဆိုဆို ထလိုက်ပြီး၊ သူကိုင်နေကျ လက်ဆွဲတော်လေးကို ယူပြီး သွားကြတာပေါ့။ လက်ဆွဲတော်ဆိုလို့ တမျိုးတွေးမနေနဲ့ဦးဗျ၊ "လေးခွ" ကို ပြောတာဗျို့။သိပ်မကြာဘူးဗျ... စကားတပြောပြောနဲ့ လမ်းလျှောက်လာလိုက်တာ တစ်ပြန် နှစ်ပြန်လောက်ပဲ သွားလိုက်ရတယ်၊ လမ်းက ဖြူဖွေးနေရောပဲဗျို့။ ကျွန်တော့်အထင်တော့ ရွာလယ်လမ်း ထင်တယ်ဗျ။ မနက်လင်းကြက်တွန်ချိန်၊ ဘုန်းကြီးကျောင်း အိုးမောင်းခေါက်ချိန်ပေါ့ဗျာ။ လမ်းလေးကို မီးမထိုးဘဲ မြင်နေရပြီ။[ကိုသာအေး]"အကိုကြီးတို့... မိုးလည်း လင်းတော့မယ်။ ကျွန်တော်လည်း ယာတောပြန်မှ ဖြစ်တော့မယ်ဗျာ" လို့ စကားစမြည် ပြောလိုက်တော့...[လူကြီး ၃ ယောက်]"ဟာ... ငါ့ညီကလည်း၊ လာပါဟ။ တို့ရွာရောက်တော့မယ်။ မနက် ထမင်းကြမ်းလေး ခဲပြီးမှ ပြန်ပါကွ။"ကိုကြီးသာအေးကလည်း လူရိုးဆိုတော့ ညတုန်းကလည်း ထန်းလျက်နဲ့ ရေနွေးကြမ်းလေးပဲ ခဲထားတာဆိုတော့ ဘာမှပြန်မပြောဘဲ လိုက်သွားတာပေါ့ဗျာ။ အမယ်... ရွာလေးက နေချင်စရာလေးဗျ။ အိမ်တွေကလည်း အိမ်ကြီးအိမ်ကောင်းတွေဗျို့။ ရွာအဝင် ဆိုင်းဘုတ်လေးတောင် ထောင်ထားသေးတယ်ဆိုပဲ။ သစ်သားပြားလေးကို ထွင်းထားတာ "ပေါက်သာကုန်းရွာ" တဲ့။ ရွာလမ်းလေးကလည်း တမာပင်လေးတွေနဲ့။ ပြီးတော့လည်းဗျာ... သူတို့ခြံဝိုင်းလေးနဲ့သူ၊ အိမ်ရှေ့မှာဆိုရင်လည်း ကွပ်ပျစ်ကလေးတွေ ကိုယ်စီနဲ့ ကြည့်လို့ သိပ်ကောင်းတာပဲဗျာ။ မြင်ယောင်သာ ကြည့်လိုက်တော့... ကိုကြီးသာအေးဆို ပြန်တောင် မပြန်ချင်ဘူးဆိုပဲ။ ရွာသားတွေကလည်း ဖော်ရွေတယ်ဗျာ။ ဧည့်သည်ပါလာတယ်ဆိုတော့ ဟိုအိမ်ကလာမေး၊ ဒီအိမ်ကလာမေးနဲ့... ရွာထဲကို တခါမှ ဧည့်သည်မလာဖူးတဲ့အတိုင်းပဲတဲ့ဗျို့။ ကိုကြီးသာအေးလည်း သူ့ယာတဲလေးကို မေ့ပြီး စကားတွေ ဖောင်ဖွဲ့လို့ ကောင်းနေလိုက်တာ ညနေစောင်းသွားတာတောင် မသိလိုက်ဘူးတဲ့ဗျာ။ဒါပေမဲ့ အချိန်ကြည့်လိုက်တော့ ဒီရွာက ထူးခြားနေတာ တစ်ခုရှိတယ်ဗျ။ ရွာမှာ ဘုန်းကြီးကျောင်းလည်း မရှိဘူးဗျ၊ အိုးမောင်းခေါက်တာလည်း မကြားရဘူး...။ ညနေကလည်း အတော်လေး စောင်းနေပြီဆိုတော့ သူက စကားလက်စဖြတ်ပြီး ပြန်မယ်ပြောကာ၊ သူ့လက်ဆွဲတော် လေးခွလေးကိုကောက်ပြီး ယာတဲပြန်ဖို့ လုပ်တာပေါ့။ အဲဒီမှာတင် တော်တော်လေး ချောမောလှပတဲ့ အမျိုးသမီးလေးတစ်ဦးက ရောက်လာပြီး..."ကိုကြီးသာအေး... မိထွေးတို့အိမ်မှာ ထမင်းလိုက်စားပါဦး။ အိမ်ကအဘက ကိုကြီးသာအေးကို ပါအောင်ခေါ်ခဲ့ပါလို့ မှာလိုက်လို့ပါ။ မပါလာရင် မိထွေးကို အဘက ဆူလိမ့်မယ်..." တဲ့ဗျာ။ ကိုကြီးသာအေးကလည်း လူကလူပျိုကြီး ဖြစ်နေတာကတစ်ကြောင်း၊ ပြီးတော့လည်း သူမရဲ့အဘက ဆူမယ်ရိုက်မယ်ဆိုတော့ အားနာနာနဲ့ပဲ လိုက်သွားမိတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းက ခုမှ တကယ်စတာဗျ... ကိုကြီးသာအေးနဲ့ ပေါက်သာကုန်းရွာက...✦ ✦ ✦ ✦ ✦ပေါက်သာကုန်းရွာပျက်
(ဒုတိယပိုင်း)
ရေးသူ - တနယ်တကျေးမှအမေ့သားငယ် ကိုကို
ဒုတိယပိုင်းကို ဖတ်ချင်တဲ့ စာဖတ်ပရိသတ် မိတ်ဆွေများနှင့် သူငယ်ချင်းတို့ခင်ဗျာ... ကိုကြီးသာအေးရယ်၊ မိထွေးလေးရယ်နှင့် ပေါက်သာကုန်းရွာပျက်ကြီးရဲ့ ဆန်းကြယ်လှတဲ့ အကြောင်းရင်း... ပေါက်သာကုန်းရွာကြီး ဘယ်လိုဘယ်ပုံ ပျက်စီးပျောက်ကွယ်သွားခဲ့ရလဲဆိုတာကို ဒုတိယပိုင်းမှာ အပီအပြင် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။
***Download NovelToon to enjoy a better reading experience!***
Comments