chapter 2 အတိတ်ကိုသတိရခြင်း

​စျာပနခန်းမတစ်ခုလုံး မီးခိုးငွေ့တွေနဲ့ လေးလံထိုင်းမှိုင်းလို့ နေခဲ့တယ်။

​ကျွန်တော် နေရာကနေ တစ်ချက်ကလေးမှ မလှုပ်မယှက်ဘဲ ထိုင်နေမိတယ်။ အရာအားလုံးက အိပ်မက်ဆိုးတစ်ခုလို... လက်ခံဖို့၊ ယုံကြည်ဖို့ ကျွန်တော့်ရဲ့ အသိစိတ်တွေက အကြောက်အကန် ငြင်းဆန်နေတုန်းပဲ။ ကျွန်တော့်ရဲ့ အသက်မဲ့နေတဲ့ လက်ဖဝါးထဲမှာတော့... မင်းဂျယ် အမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ 'အပြာရောင် ကျောက်နားကပ်လေး' တစ်ဖက်က အေးစက်စွာ ရှိနေတယ်။ ရင်ဘတ်တစ်ခုလုံး ဓားနဲ့ အမွှန်းခံထားရသလို ဆို့နင့်ပြည့်ကျပ်နေပေမဲ့... မျက်ရည်ကတော့ အစက်ချလို့မရအောင် ခြောက်ကပ်လို့နေခဲ့ပြီ။

​အဲဒီအချိန်မှာပဲ အခန်းဝကနေ ဒိုဟွန်းနဲ့အတူ ယူအွန်ချယ် ဝင်လာခဲ့ကြတယ်။ အွန်ချယ်က ကျွန်တော့်ကို မြင်မြင်ချင်း မုန်းတီးလွန်းလှတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်ရင်း ငိုကြွေးတော့တာပဲ။

​"ပတ်ခ်ဟာဂျွန်း... နင် အခုတော့ ကျေနပ်ပြီလား! သူ မရှိတော့ဘူး... နင် အခု ပျော်ပြီလား!"

​သူမက ကျွန်တော့်ဆီ တုန်တုန်ရီရီနဲ့ ပြေးလာပြီး အင်္ကျီကော်လာစကို ဆွဲကာ အနားကပ်ပြီး ဆို့နင့်စွာ အော်ဟစ်တယ်။

"ဘယ်သူကမှ မဟုတ်ရင်တောင်... နင်တို့နှစ်ယောက်ကတော့ သူ အနိုင်ကျင့်ခံနေရတဲ့အချိန်မှာ သူ့ဘက်က ရှိနေပေးသင့်တာ မဟုတ်ဘူးလား! သူ့မှာ ဘယ်လောက်ထိ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရလဲ... နင် သိလား!"

​ကျွန်တော် ဆွံ့အလျက် ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ခင်မှာပဲ... အွန်ချယ်က ကျွန်တော့်မျက်နှာနားကို ပိုကပ်ပြီး တိုးတိုးလေး ရှိုက်ငိုရင်း ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့်တစ်ကိုယ်လုံး သွေးခဲသွားသလို ခံစားလိုက်ရတယ်။

​"သူ... နင့်ကို သဘောကျနေခဲ့တာလေ..."

​ထိုစကားကို ပြောပြီး အွန်ချယ်က ခန်းမထောင့်တစ်နေရာမှာ ထိုင်ချရင်း ဒူးခေါင်းကိုပိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့တယ်။ တစ်ဖက်မှာလည်း ဒိုဟွန်းက ကျွန်တော့်ဘေးမှာ ဘာမှမတတ်နိုင်စွာ ငြိမ်ငြိမ်လေး ထိုင်ချရင်း ညည်းတွားရှာတယ်။

"အချိန်တစ်ခုလောက် နေရင် ငါတို့ အရင်လို ပြန်အဆင်ပြေသွားမယ် ထင်တာ။ ငါ သူ့ကို သန်မာတယ် ထင်ခဲ့တာ... သူက အမြဲ ပြုံးနေခဲ့တာမလို့...။ ငါတို့တွေ တကယ် အသုံးမကျခဲ့တာပဲ..."

​ကျွန်တော် ဘာစကားမှ အာမေဒိတ်မပြုနိုင်ခင်မှာပဲ... ကျွန်တော့်အနားကို မင်းဂျယ်ရဲ့ မိထွေးဖြစ်သူ ရောက်ရှိလာခဲ့တယ်။ သူမက ကလေးတစ်ယောက်လို ငိုယိုနေတာလို့ သူတစ်ပါးအမြင်မှာ ထင်ရပေမဲ့... ကျွန်တော့်ကို ကြည့်နေတဲ့ သူမရဲ့ မျက်နှာပေးကတော့ ပျော်ရွှင်ကျေနပ်နေပုံမျိုး။

​"မင်းက အဲဒီကလေးမလား... မင်းဂျယ်ရဲ့အနားမှာ အမြဲရှိနေတတ်တဲ့ကလေး..." သူမက ဖောင်းကြွနေတဲ့ သူမရဲ့ ဗိုက်ကို ကိုင်ကြည့်ရင်း ခနဲ့တဲ့တဲ့ ရယ်မောတယ်။ "ငါတို့ရဲ့ မင်းဂျယ်လေးက ဘယ်လောက်သနားစရာကောင်းလဲ... သူ့ကိုယ်သူ အဆုံးစီရင်တဲ့အထိ ဖြစ်ရတယ်လို့။ သူ့ရဲ့ ညီလေး မွေးလာတာကိုတောင် သူ မစောင့်နိုင်ရှာဘူး..."

​ပြီးတော့ သူမက ကျွန်တော့်နားကို ထပ်ပြီး တိုးကပ်လာကာ ခြိမ်းခြောက်တဲ့ လေသံအေးအေးနဲ့ စကားတစ်ခွန်းကို ဆိုလာခဲ့တယ်။

"အဲဒီနေ့မတိုင်ခင် ညက... သူ ငါ့ရှေ့မှာ ငိုယိုပြီး တောင်းပန်ခဲ့တာလေ။ မင်းတို့နှစ်ယောက်ရဲ့ အနမ်းက... သူ့ဘက်ကပဲ စခဲ့တာပါတဲ့၊ မင်းက ဒီတိုင်း သူနမ်းတာကို ခံလိုက်ရတာပါတဲ့...။ အဲဒီကိစ္စကြောင့် သူ့အဖေ ဘယ်လောက်တောင် ဒေါသထွက်ပြီး သူ့အပေါ် အပြစ်တွေ ပုံချခဲ့လဲ... မင်း သိလား?"

​"ခင်ဗျား...!!! ခင်ဗျား အဲဒီအနမ်းအကြောင်းကို ဘယ်လိုသိတာလဲ!!!"

​ကျွန်တော် အကြီးအကျယ် လန့်ဖျတ်သွားပြီး ဒေါသတွေ တလိပ်လိပ် ထွက်လာကာ အော်ဟစ်မိတော့တယ်။ ထိုအမျိုးသမီးကတော့ တည်ငြိမ်စွာပဲ "ငါက သိလို့မရဘူးလား..." ဟု ခပ်ရော်ရော် ပြန်ပြောတယ်။

​"ခင်ဗျား... ဒီတစ်လျှောက်လုံး မင်းဂျယ်ကို ဘယ်လောက် အနိုင်ကျင့်ခဲ့လဲ ကျွန်တော် မသိဘူး ထင်နေလား! မင်းဂျယ်ရဲ့ အဖေရော သိလား? မသိဘူးမလား! ကျွန်တော် အခုပဲ အကုန်လုံးကို အော်ပြောပြရမလား!"

​ကျွန်တော့်ရဲ့ ဒေါသတကြီး အော်ဟစ်သံကြောင့်... အဝေးတစ်နေရာက မင်းဂျယ်အဖေရဲ့ အတွင်းရေးမှူးဖြစ်သူက စိတ်ဝင်တစားနဲ့ လှည့်ကြည့်လာခဲ့တယ်။ အခြေအနေ မဟန်တော့မှန်း သိလိုက်တဲ့ မိထွေးက ချက်ချင်းပဲ မျက်နှာပြောင်းကာ လူအများရှေ့မှာ ဟန်ဆောင်ငိုပြရှာတော့တယ်။

"ကျမ... ကျမသားလေးရဲ့ စျာပနမှာ လာပြီး သောင်းကျန်းမနေပါနဲ့ကွယ်။ မင်းတို့အကုန်လုံး ငါ့သားလေးကို အနိုင်ကျင့်ခဲ့ကြတာမလား... သွား... သူ့ကို အပြင် ဆွဲထုတ်သွားကြစမ်းပါ!"

​ကျွန်တော် ဘယ်သူမှ လာမဆွဲထုတ်ခင်မှာပဲ စျာပနခန်းမထဲကနေ ကိုယ့်ဘာသာကိုယ် လှည့်ထွက်လာခဲ့တယ်။ ထွက်မသွားခင်... ထိုမိန်းမယုတ်ကို သေမတတ် မုန်းတီးတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး တိုးတိုးနဲ့ ပြတ်ပြတ်သားသား ခြိမ်းခြောက်ခဲ့မိတယ်။

​"ခင်ဗျား မကြာတော့ဘူး... ခင်ဗျားရဲ့ ပျော်စရာ နေ့ရက်တွေ မကြာခင် ကုန်ဆုံးတော့မယ်..."

​စျာပနခန်းမရဲ့ အပြင်ဘက် တိတ်ဆိတ်တဲ့ ထောင့်တစ်နေရာမှာ... ကျွန်တော် ဆေးလိပ်တစ်လိပ်ကို အငမ်းမရ ဖွာရှိုက်နေမိတယ်။ နှလုံးသားထဲက အပူတွေကို မှုတ်ထုတ်ပစ်ချင်ပုံမျိုးနဲ့။

​"နင်က ဘယ်အရွယ်မလို့... ဆေးလိပ်သောက်နေတာလဲ..."

​ရုတ်တရက် ရောက်လာတဲ့ ယူအွန်ချယ်က ကျွန်တော့်ကို စိုက်ကြည့်ပြီး မေးတယ်။ ကျွန်တော် ဆေးလိပ်ကို လက်ကြားညှပ်ပြီး သူမကို အသက်မဲ့စွာ ပြန်ကြည့်နေမိရုံပါပဲ။ အွန်ချယ်က မျက်ရည်တွေ ကြားကနေ ငေးမှိုင်ရင်း ဆက်ပြောရှာတယ်။

​"ငါ... အဲဒီနေ့က ငါတို့သုံးယောက် အတူတူ ငါးပြတိုက် သွားကြတုန်းကလေ... မင်းဂျယ်ကို ငါ ဖွင့်ပြောခဲ့တယ်... နင် သိလား..."

​သူမက ခါးသီးစွာ ပြုံးရင်း ရှိုက်လိုက်တယ်။ "ဒါပေမဲ့ သူက ငါ့ကို ငြင်းခဲ့တယ်...။ ပြီးတော့မှ ငါ သိလိုက်ရတာက... သူက သူ့အမေရဲ့ နောက်ဆုံးလက်ကျန် ပစ္စည်းဖြစ်တဲ့ အဲဒီနားကပ်လေးကို... နင်ကလွဲလို့ ဘယ်သူ့ကိုမှ မပေးခဲ့ဘူးဆိုတာပဲ။ နင့်ဆီမှာ တစ်ဖက် ပေးထားခဲ့တယ်မလား..."

​အွန်ချယ်ရဲ့ စကားလုံးတွေက ကျွန်တော့်ရဲ့ နားစည်ကို ဒုန်းခနဲ ရိုက်ခတ်သွားခဲ့တယ်။

​နားကပ်လေးကို ကိုင်ထားတဲ့ ကျွန်တော့်လက်တွေ တုန်ရီလာပြီး... ရင်ဘတ်တစ်ခုလုံး ဗုံးတစ်လုံး ပေါက်ကွဲသွားသလို နာကျင်မှုတွေက အရှိန်အဟုန်နဲ့ တိုးဝှေ့တက်လာတယ်။ ကျွန်တော် နေရာမှာတင် ဆောင့်ကြောင့် ထိုင်ချလိုက်မိပြီး... မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကာ... တစ်ခါမှ မငိုဖူးလောက်အောင် ရှိုက်ကြီးတငင်နဲ့ အော်ဟစ်ငိုကြွေးတော့တယ်။

​မင်းဂျယ်... မင်း ငါ့ကို သဘောကျနေခဲ့တာပဲ...။ အဲဒီအဖိုးတန်တဲ့ နားကပ်ကို ငါ့ဆီမှာ ချန်ထားခဲ့ပြီးမှ... မင်း ဘာလို့ ငါ့ကို ဒဏ်ရာတွေနဲ့ ထားရစ်ခဲ့ရတာလဲ...။

​စျာပနခန်းမအပြင်က အေးစက်စက် လေထုထဲမှာ... ကျွန်တော့်ရဲ့ နောင်တတရား ငိုရှိုက်သံတွေက ဆို့နင့်စွာ ပဲ့တင်ထပ်လို့ နေခဲ့တော့တယ်။

​အသိစိတ်တွေက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲ... ကျွန်တော်တို့အားလုံးရဲ့ ကမ္ဘာဦး နွေဦးရက်ရက်တွေဆီကို ပြန်လည်လွင့်မျောသွားခဲ့တယ်။

​တစ်နေ့မှာတော့... မင်းဂျယ်က ကျောင်းကို ရောက်လာခဲ့တယ်။ ဒါပေမဲ့ ထူးဆန်းတာက သူ့ရဲ့ ဖြူစွတ်နေတဲ့ ပါးတစ်ဖက်က နီရဲပြီး ရောင်ကိုင်းလို့နေခဲ့တာပဲ။ သူ့ရဲ့ဘေးနားမှာတော့ အနက်ရောင် ဆံပင်ရှည်ရှည်၊ သွယ်လျလှပတဲ့ ခြေတံအလှတွေနဲ့ စွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်က အနီးကပ် ကပ်ပါလာခဲ့တယ်။ ကျောင်းဆောင်ဝရန်တာမှာ ရပ်နေတဲ့ ကျွန်တော့်ကို မြင်တော့ မင်းဂျယ်က အရင်လိုပဲ ဖြူစင်စွာ ပြုံးပြရှာတယ်။

​သူ့ဘေးက မိန်းကလေးက ကျွန်တော့်ကို သေချာစိုက်ကြည့်ရင်း မင်းဂျယ်ကို လှမ်းမေးလိုက်တယ်။

"မင်းဂျယ်... သူငယ်ချင်းအသစ်လား..."

​"အွန်း... ဟုတ်တယ်။ သူ့နာမည်က ဟာဂျွန်းတဲ့" မင်းဂျယ်က ဖြေပြီး ကျွန်တော့်ဘက်ကို လှည့်လာခဲ့တယ်။ "ဟာဂျွန်း... ဒါက 'ယူအွန်ချယ်' တဲ့။ ငါ့မိထွေးရဲ့ ညီမလေ..."

​အဲဒီအချိန်မှာပဲ အတန်းထဲကနေ ထွက်လာတဲ့ ဒိုဟွန်းက အွန်ချယ်ကို မြင်တော့ ချက်ချင်း ဝင်စနောက်တော့တယ်။

"အယ်... အွန်ချယ်ဆိုတာလား။ ရင်းရင်းနှီးနှီး နေရအောင်နော်... ဟဲဟဲ"

​အွန်ချယ်က ဒိုဟွန်းကို စိတ်မရှည်တဲ့ ပုံစံနဲ့ တစ်ချက်ကြည့်ပြီး မင်းဂျယ်ဘက်ကို လှည့်ကာ နှုတ်ဆက်တယ်။

"ငါ အတန်းသွားပြီ။ ဂရုစိုက်ဦး... နင်ကလည်း မနေ့ကတည်းက တကယ့်ကို ခေါင်းမာလွန်းတယ်"

​သူမက အတန်းမတူတာကြောင့် စိတ်ပူပန်တဲ့ မျက်နှာပေးနဲ့ ထွက်သွားခဲ့တယ်။ အွန်ချယ် ထွက်သွားတာနဲ့ ကျွန်တော် မင်းဂျယ်ရဲ့ လက်ကိုဆွဲပြီး ချက်ချင်း မေးမိတော့တယ်။

"မင်းဂျယ်... မင်းမျက်နှာ ဘာဖြစ်တာလဲ။ လာ... ဆေးပေးခန်း သွားရအောင်"

​ဆေးပေးခန်းထဲမှာ ကံမကောင်းစွာနဲ့ ဆရာမ (သို့) အကူတစ်ယောက်မှ ရှိမနေခဲ့ဘူး။ ကျွန်တော် မင်းဂျယ်ကို ခုံပေါ်မှာ ထိုင်ခိုင်းပြီး ဆေးဘူးကိုယူကာ သူ့ရဲ့ ရောင်ကိုင်းနေတဲ့ ပါးပြင်လေးကို ဖွဖွလေး ဆေးလိမ်းပေးနေမိတယ်။ ကျွန်တော် ကိုယ်တိုင် ဆေးလိမ်းပေးနေရင်း မင်းဂျယ်ရဲ့ တိုးညင်းတဲ့ ရင်ဖွင့်သံတွေကို နားထောင်နေခဲ့မိတယ်။

​"ငါ့အဖေ ရိုက်လိုက်တာ..." မင်းဂျယ်က ခါးသီးစွာ ရေရွတ်တယ်။ "ငါ့မိထွေးက... ငါ့အမေရဲ့ ညအိပ်ဝတ်စုံကို ယူဝတ်လို့... ငါ စိတ်မထိန်းနိုင်ဘဲ အော်ဟစ်သောင်းကျန်းမိသွားတယ်။ အဖေက ငါ့ကို အဲဒီမိန်းမအပေါ် မလေးမစား လုပ်တယ်ဆိုပြီး ရိုက်တာ။ ဒါပေမဲ့ အဖေ မသိတာက... အဲဒီမိန်းမက တကယ်တော့ အဖေ့ရှေ့မှာတင် ကောင်းချင်ယောင်ဆောင်နေတာလေ။ သူက ငါ့ကို တမင် နေ့တိုင်း စိတ်အနှောင့်အယှက်ပေးနေတာ... ငါနဲ့အဖေ အဆင်မပြေမှ... သူမွေးမယ့် ကလေးက အမွေတွေအကုန် ရမှာမလို့..."

​မင်းဂျယ်ရဲ့ ဒေါသတကြီး စကားတွေကြောင့် ကျွန်တော် ဆေးလိမ်းပေးနေရာကနေ ရပ်ပြီး ပြန်ပြောမိတယ်။

"ငါလည်း သူမနဲ့ တွေ့တုန်းက ခံစားမိပါတယ်။ သူမရဲ့ မျက်နှာကို ကြည့်ရတာ တစ်မျိုးကြီးပဲလို့။ ငါပဲ စိတ်ထင်နေတာ ထင်လို့ ငြိမ်နေခဲ့တာ..."

​အဲဒီအချိန်မှာပဲ မင်းဂျယ်ရဲ့ ဖုန်းက မြည်လာခဲ့တယ်။ အွန်ချယ်ဆီက ဖြစ်ပြီး "နင် ဆေးထည့်ပြီးပြီလား" လို့ လှမ်းမေးနေပုံရတယ်။ မင်းဂျယ်က ဖုန်းထဲကို "စိတ်မပူနဲ့... အဆင်ပြေတယ်" လို့ ပြန်ပြောနေပေမဲ့... ကျွန်တော့်ရင်ထဲမှာတော့ အွန်ချယ်ရဲ့ အကဲပိုလွန်းတဲ့ အပြုအမူတွေကို မသိမသာ အမြင်ကပ်စိတ် ဝင်လာခဲ့မိတယ်။

​"သူမကလည်း ပိုလွန်းပါတယ်။ မင်းက ကလေးလည်း မဟုတ်တာကို..." ဖုန်းချသွားတဲ့ မင်းဂျယ်ကို ကြည့်ပြီး ကျွန်တော် စောင်းမြောင်းပြောမိတယ်။

​မင်းဂျယ်က သဘောကျသလို ရယ်မောပြီး ကျွန်တော့်ကို ကြည့်တယ်။

"မင်းကောပဲ မဟုတ်ဘူးလား... ပိုလွန်းတာ။ ငါ့ကို ကလေးလည်း မဟုတ်ဘဲ ဆေးထည့်ပေးနေတယ်။ ငါ့ဘာသာငါ လုပ်လို့ရတာကို..."

​သူ့စကားကြောင့် ကျွန်တော် ခဏမျှ မှင်သက်သွားပြီးမှ... မရည်ရွယ်ဘဲ မင်းဂျယ်ရဲ့ ပုခုံးပေါ်ကို ခေါင်းမှီချလိုက်မိရင်း တိုးတိုးလေး ဖြေခဲ့တယ်။

"ငါ... စိတ်မကောင်းလို့ပါ..."

​"မင်းက... ငါနာနေတာကို စိတ်မကောင်းတာလား..."

​မင်းဂျယ်ရဲ့ မေးခွန်းကြောင့် ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြည့်ချင်းက စက္ကန့်အနည်းငယ်မျှ စုံသွားခဲ့ကြတယ်။ ပြတင်းပေါက်ကနေ ဖြတ်တိုက်လာတဲ့ လေအေးအေးတစ်ချက်ကြောင့် မင်းဂျယ်က သတိဝင်သွားသလိုမျိုး မျက်လုံးလွှဲလိုက်ပြီး၊ စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ သူ့ဖုန်းရဲ့ Wallpaper ကို ပြလာခဲ့တယ်။

​Wallpaper ပုံထဲမှာတော့ အဖြူရောင် ခွေးလေးတစ်ကောင် ရှိနေတယ်။

"သူ့နာမည်က 'မိုမို' လို့ ခေါ်တယ်လေ။ ချစ်စရာကောင်းတယ်မလား..."

​"သူက အထီးလေးလား..." လို့ ကျွန်တော် မေးတော့ မင်းဂျယ်က ခေါင်းငြိတ်တယ်။

​"အင်း... ဟုတ်တယ်။ မြင်ရတာ အကောင်သေးပေမဲ့ သူက အသက် ၁၂ နှစ် ရှိနေပြီ။ ဂျာမနီမှာတုန်းက ငါ့ကို အဖွားက လက်ဆောင်ပေးခဲ့တာလေ။ သူ့ကို ကိုရီးယားအထိ ခေါ်လာဖို့ တကယ် ခက်ခဲခဲ့တာ... ဒါပေမဲ့ ငါ သူ မရှိရင် မနေနိုင်ဘူး၊ အရမ်းလွမ်းနေမှာမလို့။ အခုတော့ သူ ရောက်လာပြီ။ သူက ငါနဲ့အကြာကြီး နေခဲ့တာ... ငါ့ကို အဖွား မွေးနေ့လက်ဆောင်ပေးတုန်းက သူက ၅ လသားလေးပဲ ရှိသေးတာ..."

​မင်းဂျယ်က သူ့အဖော်မွန်လေးအကြောင်း ပြောရင်း မျက်ဝန်းတွေ တောက်ပနေတာကို ကြည့်ပြီး "တကယ် ချစ်စရာလေးပဲ" လို့ ကျွန်တော် ချီးကျူးမိတယ်။ အဲဒီအခါ မင်းဂျယ်က မဝံ့မရဲနဲ့ တိုးတိုးလေး မေးလာခဲ့တယ်။

​"မင်း... ငါ့အိမ်ကို လိုက်ပြီး မိုမိုကို လာကြည့်ချင်လား..." ကျွန်တော် စိုက်ကြည့်နေမိတော့ သူက အလျင်အစလိုနဲ့ ထပ်ဖြည့်ပြောရှာတယ်။ "ငါ မင်းကို ကွန်ပျူတာဂိမ်းလည်း ပေးဆော့မယ်လေ... စာလည်း အတူတူလုပ်မယ်..."

​ကျွန်တော် ပြုံးမိသွားပြီး ခေါင်းငြိတ်လိုက်တယ်။ "ဟုတ်ပါပြီ... ငါ လိုက်ခဲ့မယ်။ ဒါပေမဲ့ မင်းရဲ့ မိထွေးနဲ့... အဆင်ပြေပါ့မလား"

​"သူမ အိမ်မှာမရှိဘူး။ အဖေနဲ့အတူ အလုပ်ကိစ္စ ခရီးလိုက်သွားတယ်"

​"ဒါဆို... အွန်ချယ်ရော..."

​"အွန်ချယ်က သူ့မိဘအိမ်မှာပဲ နေတာများတယ်။ ငါ့အိမ်မှာ မနေဘူး"

​မင်းဂျယ်ရဲ့ စကားကြောင့် ကျွန်တော့်ရင်ထဲမှာ ရုတ်ချည်း စိတ်သက်သာရာ ရသွားခဲ့မိတယ်။ ဘာအကြောင်းကြောင့်လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သေသေချာချာ မသိခဲ့ပေမဲ့... မင်းဂျယ်ရဲ့ ဘေးနားမှာ အကဲပိုပြီး ကပ်နေတတ်တဲ့ အွန်ချယ်ကို... ကျွန်တော် မသိမသာတော့ အမြင်ကပ်ပြီး မနာလို ဖြစ်နေခဲ့မိတာ အမှန်ပဲ ဖြစ်ပါတယ်။

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play