chapter 5 မိုမို

​ကျွန်တော့်ရဲ့ မိုက်မဲလွန်းတဲ့ သဝန်တိုမှုနဲ့ အတ္တတွေက... မင်းဂျယ်ရဲ့ဘဝကို ငရဲတွင်းထဲ တွန်းချပစ်လိုက်လိမ့်မယ်လို့ အဲဒီတုန်းက ကျွန်တော် တကယ်မသိခဲ့ဘူး။ ငါသာ မင်းရဲ့လက်ကို အတင်းအကျပ် ဆွဲမဖြုတ်ခဲ့ရင်၊ ငါသာ မာနတွေကို ဘေးချိတ်ပြီး မင်းကို ပြန်ဖက်ထားခဲ့ရင်... အခုချိန်မှာ မင်း ငါ့ဘေးမှာ ရယ်မောနေဦးမလား မင်းဂျယ်...။

​ရန်ဖြစ်ပြီးတဲ့ နေ့ကစလို့ ကျောင်းမှာ ကျွန်တော်တို့နှစ်ယောက် လုံးဝ စကားမခေါ်ဖြစ်ကြတော့ဘူး။

​ကျွန်တော်က မင်းဂျယ်တစ်ယောက် သူ့အမှားသူသိပြီး ကိုယ့်ဆီ ပြန်လာတောင်းပန်လိမ့်မယ်၊ ဟန်ဆိုဟီးနဲ့ ဝေးဝေးနေပါ့မယ်လို့ ကတိပေးလာလိမ့်မယ်လို့ပဲ တစ်ဖက်သတ် ထင်နေခဲ့မိတာ။ ဒါကြောင့် မင်းဂျယ်ကို စိတ်ဆိုးစေချင်လို့ မင်ဆူးတို့အဖွဲ့နဲ့ ပိုပြီး ရင်းရင်းနှီးနှီး ပေါင်းပြခဲ့တယ်။ ဒါပေမဲ့ မင်းဂျယ်က ကျွန်တော့်ကို လုံးဝလှည့်မကြည့်တော့ဘဲ ဟန်ဆိုဟီးကိုပဲ တစိုက်မတ်မတ် ကာကွယ်ပေးနေခဲ့တယ်။

​ကျွန်တော်ကသာ မသိမသာ ပညာပေးချင်ရုံ သက်သက်ဖြစ်ပေမဲ့... ကျွန်တော် မင်းဂျယ်ကို ပစ်ပယ်ထားလိုက်ပြီလို့ သေချာသွားတဲ့ မင်ဆူးတို့အဖွဲ့ကတော့ အရင်ကထက် ပိုပြီး လက်ရဲဇက်ရဲ ဖြစ်လာကြတော့တယ်။

​တစ်နေ့ ကျောင်းဆင်းချိန်မှာ... ဟန်ဆိုဟီးနဲ့ မင်းဂျယ်တို့နှစ်ယောက် ကျောင်းနောက်ဖေး စက်ဘီးဂိုဒေါင်နားကနေ ထွက်လာတာကို မင်ဆူးတို့အဖွဲ့က လမ်းပိတ်ရပ်လိုက်ကြတယ်။ ကျွန်တော်ကတော့ ဝေးဝေးက သစ်ပင်ရိပ်တစ်ခုကနေ အခြေအနေကို မသိမသာ လှမ်းချောင်းကြည့်နေခဲ့မိတယ်။

​"ဟေ့ကောင် မင်းဂျယ်... မင်းက ငါတို့သူဌေးလေး ဟာဂျွန်းကိုတောင် တော်လှန်ရဲတယ်ပေါ့" ဂျင်ဟိုက မင်းဂျယ်ရဲ့ ပုခုံးကို ဆောင့်တွန်းလိုက်တယ်။ "မင်းကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘူးဆိုတာ သိရဲ့လား။ အခုကစပြီး... မင်းလည်း ဒီမျက်မှန်မလိုပဲ အနိုင်ကျင့်ခံရတော့မှာကွ!"

​"ငါတို့ကို ဘာမဆိုလုပ်ပါ... ဆိုဟီးကိုတော့ လွှတ်ပေးပါ" မင်းဂျယ်က ဆိုဟီးကို သူ့နောက်မှာ ကာကွယ်ရင်း တုန်ရီနေတဲ့ လေသံနဲ့ တောင်းပန်ရှာတယ်။

​"အော်... မင်းက သူရဲကောင်းလုပ်ချင်တာပေါ့!"

​ခွပ်...!!!

​မင်ဆူးရဲ့ ပြင်းထန်တဲ့ လက်သီးချက်က မင်းဂျယ်ရဲ့ ပါးပြင်ပေါ်ကို ကျရောက်သွားပြီး မင်းဂျယ်တစ်ယောက် သဲသောင်ပြင်ပေါ် လဲကျသွားခဲ့ရတယ်။ အဲဒီနောက် မင်ဆူးတို့အဖွဲ့က လဲကျနေတဲ့ မင်းဂျယ်ကို ဝိုင်းပြီး ကန်ကျောက်ထိုးနှက်ကြတော့တယ်။

​အဲဒီလို ဝိုင်းထိုးခံနေရတဲ့ နာကျင်မှုတွေကြားထဲကနေ... မင်းဂျယ်က ကျွန်တော် ရှိနေတဲ့ သစ်ပင်ရိပ်ဘက်ဆီကို မျှော်လင့်ချက်အပြည့်နဲ့ လှမ်းကြည့်နေခဲ့တယ်။ သူ့ရဲ့ ဒဏ်ရာရနေတဲ့ မျက်ဝန်းတွေက ကျွန်တော့်ကို "လာကူပါဦး" လို့ အသံတိတ် အော်ဟစ်တောင်းဆိုနေသလိုပဲ။ အဝေးကနေ ကြည့်နေတဲ့ ကျွန်တော့်နှလုံးသားက ဒိန်းခနဲ တုန်လှုပ်သွားပြီး ရှေ့ကို ပြေးထွက်ဖို့ ခြေလှမ်းပြင်လိုက်မိပေမဲ့... "မသွားနဲ့... သူ တောင်းပန်ခါနီးပြီ" ဆိုတဲ့ မာနဆိုးက ကျွန်တော့်ခြေထောက်တွေကို တုပ်နှောင်ထားပြန်တယ်။ ကျွန်တော် ဝင်မကူခဲ့ပါဘူး။

​မင်ဆူးတို့အဖွဲ့က ထိုးနှက်လို့ ဝသွားတဲ့အခါမှ မင်းဂျယ်ကို ပစ်ထားပြီး ရယ်မောကာ ထွက်သွားကြတယ်။

​သူတို့ ထွက်သွားတော့မှ ကျွန်တော် မင်းဂျယ်ဆီကို အပြေးအလွှား သွားမိတယ်။ ဒါပေမဲ့ မင်းဂျယ်က ကျွန်တော့်ရဲ့ အကူအညီကို စောင့်မနေခဲ့ဘူး။ သူက သဲတွေကို ခါပြီး အားတင်းကာ ထရပ်လိုက်တယ်။ ပြီးတော့ လာမကူဘဲ ရပ်ကြည့်နေခဲ့တဲ့ ကျွန်တော့်ရဲ့ ပုခုံးကို တမင်တကာ ဇွတ်တိုးပြီး ဖြတ်တိုက်ခါ... ကျွန်တော့်ကို လုံးဝ မြင်ချင်ယောင်ဆောင်ကာ ဟန်ဆိုဟီးကို တွဲပြီး ထွက်သွားပါတော့တယ်။ ကျွန်တော့်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ဘူး။

​အဲဒီညက ကျွန်တော် ရင်ထဲမှာ အိပ်မပျော်နိုင်အောင် ခံစားခဲ့ရတယ်။ အခြေအနေတွေကို ဘယ်လို ပြန်စရမလဲလို့ တွေးနေမိပေမဲ့... နောက်ရက် မနက် ကျောင်းရောက်တဲ့အခါမှာတော့ ကျွန်တော် ပိုပြီး ဆွံ့အသွားခဲ့ရတယ်။

​မင်းဂျယ်က ကျောင်းကို ပုံမှန်အတိုင်း တန်းလာခဲ့တယ်။ ဒါပေမဲ့... သူ့ရဲ့ ညာဘက်လက်က ကျစ်ကျစ်လစ်လစ်နဲ့ ဂျစ်ပတ်တီး အဖြူကြီး စည်းထားခဲ့ရတာကို မြင်လိုက်ရတယ်။ မျက်နှာကလည်း ပိန်ချောင်ပြီး ဖြူဖျော့လို့။

​မင်းဂျယ်ရဲ့ လက်ကျိုးနေတဲ့ ပုံစံကို မြင်တော့ မင်ဆူးတို့အဖွဲ့လည်း တုန်လှုပ်အံ့သြသွားကြတယ်။ မင်ဆူးက ကျွန်တော့်ဆီ တိုးတိုးလေး လာပြောရှာတယ်။

"ဟာဂျွန်း... ငါတို့ မနေ့က သူ့ကို ထိုးခဲ့တာ မှန်ပေမဲ့... လက်ကျိုးတဲ့အထိတော့ မလုပ်ခဲ့ပါဘူးကွာ။ တကယ်ပြောတာပါ... သူ ဘယ်သူနဲ့ ရန်ဖြစ်လာတာလဲ မသိဘူး..."

​မင်ဆူးတို့ လုပ်တာ မဟုတ်ဘူးဆိုရင်... ဘယ်သူလဲ?

​ကျွန်တော့်ရင်ထဲမှာ စိုးရိမ်စိတ်တွေက ဒီရေလို တိုးဝင်လာခဲ့တယ်။ သည်းမခံနိုင်တော့တဲ့အဆုံး... နေ့လယ်စာစားချိန် ရောက်တဲ့အခါမှာတော့ ကျွန်တော် မင်းဂျယ် ရှိရာ စားပွဲဆီကို အပြေးအလွှား သွားမိတော့တယ်။ မင်းဂျယ်က ဘယ်လက်နဲ့ အားကစားဝတ်စုံအိတ်ကို သယ်ရင်း ဆိုဟီးနဲ့အတူ ထိုင်နေခဲ့တယ်။

​"မင်းဂျယ်..." ကျွန်တော် သူ့ရှေ့မှာ ပိတ်ရပ်လိုက်ပြီး တုန်ရီနေတဲ့ လေသံနဲ့ မေးမိတယ်။ "မင်းလက်က... ဘာဖြစ်တာလဲ။ ဘာဖြစ်လာတာလဲ... ငါ့ကိုပြောပါဦး..."

​ကျွန်တော့်ရဲ့ စိုးရိမ်တကြီး မေးခွန်းကြောင့် မင်းဂျယ်က ခြေလှမ်းတွေ ရပ်သွားတယ်။ ပြီးတော့... သူ ကျွန်တော့်ကို ဖြည်းဖြည်းချင်း မော့ကြည့်လာခဲ့တယ်။

​သူ့ရဲ့ မျက်ဝန်းအစုံမှာ ဒေါသတွေ မရှိတော့ဘူး...။ ရှိနေတာက တကယ့်ကို ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ပျက်အားလျော့နေတဲ့ ဝမ်းနည်းရိပ်တွေတင်ပဲ ဖြစ်ပါတယ်။ အဲဒီဝမ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်ရင်း... မင်းဂျယ်က ဘာစကားတစ်လုံးမှ မပြောခဲ့ဘူး။ ကျွန်တော့်ကို သူစိမ်းတစ်ယောက်လိုပဲ သဘောထားပြီး ဘေးကနေ မသိမသာ ကျော်ဖြတ်ကာ ထွက်ခွာသွားပါတော့တယ်။

​အဲဒီအချိန်တုန်းက... မင်းဂျယ်ဟာ ကျောင်းမှာတင် မင်ဆူးတို့ရဲ့ ငရဲကို ခံနေရတာ မဟုတ်ဘဲ၊ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိထွေးဖြစ်သူ 'ဆောင်ချယ်ဝန်း' ရဲ့ ရက်စက်စွာ ရိုက်နှက်နှိပ်စက်ခြင်းတွေကို အလူးအလဲ ခံနေရမှန်း ကျွန်တော် တကယ်မသိခဲ့ဘူး။ မင်းဂျယ်ရဲ့ တန်ဖိုးအရှိဆုံး 'မိုမိုလေး' ကို မိထွေးက သတ်ပစ်ခဲ့လို့ မင်းဂျယ် ငိုယိုပြီး တော်လှန်ရာကနေ... အိမ်မှာ အခုလို လက်ကျိုးတဲ့အထိ ရိုက်နှက်ခြင်း ခံခဲ့ရတာကို ကျွန်တော် ဘာမှမသိခဲ့ဘူး...။

​ကျွန်တော် ကျောင်းကလူတွေပဲ နှိပ်စက်တယ် ထင်နေခဲ့တာ။ တကယ်တော့... မင်းဂျယ်ဟာ ကျောင်းမှာရော အိမ်မှာပါ အမှီသဟဲမဲ့ပြီး အမှောင်ထုထဲမှာ တစ်ယောက်တည်း ပြိုလဲနေခဲ့ရတာပါ။

​ကျွန်တော့်ရဲ့ မိုက်မဲတဲ့ သဝန်တိုမှုက... မင်းဂျယ်ကို ကာကွယ်ပေးမယ့် နောက်ဆုံးခံတံတိုင်းကြီးကို ဖြိုဖျက်ပေးလိုက်သလို ဖြစ်ခဲ့ပြီး၊ မင်းဂျယ်ကို သေတွင်းထဲ တွန်းပို့လိုက်မိပြီဆိုတာ... နောက်ကျမှ သိလိုက်ရတဲ့ နောင်တတွေနဲ့အတူ ကျွန်တော့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းပဲ ပြိုလဲပျက်စီးသွားခဲ့ပါတော့တယ်။

​ကျောင်းအပြန်လမ်းမှာ... မင်ဂျယ်ရဲ့ စိတ်အစုံဟာ ဘယ်လိုမှ စုစည်းလို့မရဘဲ ဗြောက်သောက်ဆန်အောင် စိတ်ရှုပ်ထွေးနေခဲ့ရတယ်။

​ခေါင်းထဲမှာ ဟာဂျွန်းရဲ့ ရက်စက်လွန်းတဲ့ မျက်နှာနဲ့ ဒေါသတကြီး အော်ဟစ်ခဲ့တဲ့ စကားလုံးတွေကပဲ တရစပ် ရိုက်ခတ်နေတယ်။ သူ ဘာလို့ အဲဒီလို လူစားမျိုး ဖြစ်သွားရတာလဲ...။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေတိုင်းမှာ... တစ်ခါတစ်လေ ကျွန်တော့်အခန်းထဲမှာ၊ တစ်ခါတစ်လေ သူ့အိမ်မှာ... မြတ်နိုးတန်ဖိုးထားစွာနဲ့ ခဏခဏ နမ်းခဲ့ကြဖူးတယ်မဟုတ်လား။ အဲဒီအနမ်းတွေက... ဟာဂျွန်းအတွက်တော့ စိတ်ကစားစရာ သက်သက်ပဲလား။ ကျွန်တော်က သူ့ဘဝအတွက် ဘာမှအရေးမပါတဲ့ ကစားစရာတစ်ခုပဲ ဖြစ်ခဲ့တာလား...။ အဲဒီအတွေးတွေ ဝင်လာတိုင်း ရင်ဘတ်တစ်ခုလုံး ဓားနဲ့ အမွှန်းခံရသလို နာကျင်လွန်းလို့ အသက်ရှူဖို့တောင် မေ့လျော့နေမိတယ်။

​ဒါပေမဲ့... အဲဒီနာကျင်မှုတွေက အိမ်ထဲကို ခြေချလိုက်တဲ့ အချိန်မှာ ဖြစ်လာမယ့် ငရဲနဲ့စာရင် ဘာမှမဟုတ်သေးမှန်း ကျွန်တော် မသိခဲ့ဘူး။

​အိမ်ထဲကို ရောက်တော့... ပုံမှန်ဆို တံခါးပွင့်သံ ကြားတာနဲ့ အမြီးလေးတုတ်တုတ်နဲ့ ဝမ်းသာအားရ အပြေးအလွှား လာကြိုနေကျဖြစ်တဲ့ ကျွန်တော့်ရဲ့ 'မိုမိုလေး' က ရောက်မလာခဲ့ဘူး။ အိမ်တစ်ခုလုံးက ထူးဆန်းစွာနဲ့ ခြောက်ကပ်ပြီး တိတ်ဆိတ်လို့နေတယ်။

​"မိုမို... မိုမိုလေး... မားမားဆီ လာဦးလေ..."

​ကျွန်တော် လွယ်အိတ်ကို ပစ်ချပြီး အိမ်ထဲမှာ အနှံ့လိုက်ရှာမိတယ်။ ဧည့်ခန်း၊ မီးဖိုချောင်၊ ခြံထဲအဖြစ် ပတ်ရှာပေမဲ့ ဖြူဖြူဖွေးဖွေး မိုမိုလေးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရဘူး။ ရှာမတွေ့လေလေ... ရင်ထဲမှာ ကဆုန်ပေါက်ပြီး အလိုလိုနေရင်း ရင်တွေ ပူလောင်လာခဲ့ရတယ်။ ဧည့်ခန်းထဲမှာ မဲ့ပြုံးပြုံးပြီး ထိုင်နေတဲ့ မိထွေး ဆောင်ချယ်ဝန်းကို တွေ့တော့ ကျွန်တော် အပြေးအလွှား သွားမေးမိတယ်။

​"မိုမို ဘယ်မှာလဲ... ခင်ဗျား မိုမိုကို မြင်မိသေးလား"

​သူမက ကျွန်တော့်ကို မဖက်ချင်တဲ့အကြည့်နဲ့ ကြည့်ပြီး "မသိဘူး... ငါ ဘာလို့ အဲဒီတိရစ္ဆာန်ကို လိုက်ကြည့်နေရမှာလဲ" လို့ အေးစက်စက် ပြန်ဖြေတယ်။

​"လိမ်မနေနဲ့! အိမ်မှာ ခင်ဗျားတစ်ယောက်တည်း ရှိနေတာလေ။ မိုမိုက အပြင်ကို တစ်ယောက်တည်း လျှောက်သွားတတ်တဲ့ ခွေးမျိုးမဟုတ်ဘူး! အမှန်အတိုင်းပြော... မိုမို ဘယ်မှာလဲ! ဘာလုပ်လိုက်တာလဲ! ခင်ဗျား ကျွန်တော့်ကို မုန်းရင်တောင်... ဘာမှမသိတဲ့ မိုမိုကိုတော့ ဘာမှမလုပ်သင့်ဘူးလေ!!!" ကျွန်တော် စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်မိတော့တယ်။

​အဲဒီအချိန်မှာ ဆောင်ချယ်ဝန်းက ပိုးသားဂါဝန်အောက်က သူမရဲ့ ဗိုက်ပူပူလေးကို လက်နဲ့ ပွတ်သပ်ပြရင်း လှောင်ပြုံးပြတယ်။

​"အော်... သိထားဖို့က... ငါ့မှာ အဲဒီခွေးအိုကြီးကို မလိုအပ်တော့ဘူး။ အခု... မင်းမှာ ညီလေးတစ်ယောက် ရှိလာတော့မယ်" သူမက ကိုယ်ဝန်ကို ကိုင်ပြရင်း စကားကို ဆက်ပြောတယ်။ "မင်းလည်း ဘယ်အရွယ်ရောက်နေပြီလဲ... မင်းအဖေကိုပဲ တစ်သက်လုံး အားကိုးနေဦးမှာလား။ အိမ်ခွဲပြီး ကိုယ်ပိုင်ပိုက်ဆံ ရှာသင့်ပြီလေ။ ငါ့သားလေး အရွယ်ရောက်လာရင် ဒီအိမ်က သူ့အတွက်ပဲ ဖြစ်ရမယ်..."

​"ခင်ဗျား...!!! ခင်ဗျား နဂိုကတည်းက ကျွန်တော့်အဖေကို ငွေမက်လို့ ကပ်ခဲ့တာဆိုတာ ကျွန်တော် သိတာပေါ့! အခု... ကျွန်တော့်မိုမိုကိုပဲ ပြန်ပေးပါ! မိုမိုသာ တစ်ခုခုဖြစ်ရင်... ခင်ဗျားကို ကျွန်တော် သတ်ပစ်မယ်!!!"

​ကျွန်တော့်ရဲ့ ဒေါသတကြီး ခြိမ်းခြောက်မှုကြောင့် ဆောင်ချယ်ဝန်းက ပိုပြီး စက်ဆုပ်စရာ ကောင်းတဲ့ အပြုံးမျိုး ပြုံးလိုက်ပြီး—

"နင် ရှာချင်ရင် နင့်ဘာသာနင်ရှာ! နင့်ရဲ့ အသုံးမကျတဲ့ ခွေးအိုကြီးကို ငါ မျက်စိရှုပ်လို့ အနားကနေ ဖယ်လိုက်ပြီ။ တစ်နေ့တစ်နေ့ သူ့အမွှေးတွေကပဲ အိမ်အနှံ့ လွင့်နေတာ..."

​သူမစကားကြောင့် ကျွန်တော့်ရဲ့ သွေးတွေ အေးခဲသွားခဲ့ရတယ်။ ကျွန်တော့်မိုမို... တကယ်ပဲ အန္တရာယ်ရှိနေပြီဆိုတာ ရာနှုန်းပြည့် သေချာသွားခဲ့ပြီ။ ရင်ထဲမှာ မီးစနဲ့ မြှိုက်လိုက်သလို ပူလောင်လာပြီး မျက်ရည်တွေက အလိုအလျောက် ဝဲတက်လာခဲ့တယ်။

​"မိုမို...!!! မိုမိုရေ... ဘယ်မှာလဲ..."

​ကျွန်တော် အိမ်အပြင်ဘက်က သိုလှောင်ရုံတွေ၊ ဂိုဒေါင်ပျက်တွေဆီကို ကယောင်ကတမ်း အော်ခေါ်ရင်း ပြေးလွှားရှာဖွေမိတော့တယ်။ ရှာနေရင်းနဲ့ပဲ... ငယ်ငယ်ကတည်းက ကျွန်တော့်ဘေးမှာ အမြဲရှိပေးခဲ့ပြီး အတူတူ ကြီးပြင်းလာခဲ့တဲ့ မိုမိုလေးရဲ့ ပုံရိပ်တွေက မျက်စိထဲ ကွင်းခနဲ မြင်ယောင်လာတယ်။ ကျွန်တော် ငိုရင် မျက်ရည်တွေကို လျှာလေးနဲ့ လာသပ်ပေးတတ်တဲ့ အကျင့်လေး၊ အမြီးလေး တုတ်တုတ်နဲ့ ပျော်နေတတ်တဲ့ စရိုက်လေးတွေက ရင်ထဲကို တိုးဝင်လာပြီး... "မိုမိုရေ..." လို့ အော်ခေါ်သံက ပိုပြီး ကျယ်လောင်ကာ ငိုသံပါကြီး ဖြစ်လာခဲ့ရတယ်။

​အဲဒီအချိန်မှာပဲ... အမြဲတမ်း ပိတ်ထားလေ့ရှိတဲ့ အမှောင်ဖုံးနေတဲ့ သိုလှောင်ခန်းဟောင်းလေးရဲ့ ရှေ့ကို ကျွန်တော် ရောက်သွားခဲ့တယ်။ အဲဒီအခန်းတံခါးဝကနေ... ရုတ်တရက်ဆိုသလို ညှီစော်နံလှတဲ့ သွေးညှီနံ့တစ်ခုက နှာခေါင်းထဲကို စူးခနဲ တိုးဝင်လာတယ်။

​ကျွန်တော့်ရဲ့ ခြေလက်တွေက အရှိန်အဟုန်နဲ့ တုန်ရီလာပြီး... တံခါးလက်ကိုင်ကို မရဲတရဲနဲ့ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်မိတယ်။

​"မ... မိုမို..."

​အထဲက မြင်ကွင်းကြောင့် ကျွန်တော့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းပဲ ဝုန်းခနဲ ပြိုလဲပျက်စီးသွားခဲ့ရတယ်။

​ကျွန်တော့်ရဲ့ ဖြူစင်လှပတဲ့ မိုမိုလေးဟာ... သွေးအိုင်ထဲမှာ ရက်ရက်စက်စက် ရိုက်သတ်ခံထားရပြီး အသက်မဲ့စွာ လှဲလျောင်းနေရှာတယ်။ ဖြူဖွေးနေကျ အမွှေးလေးတွေက သွေးနီရောင်တွေနဲ့ စွန်းထင်းလို့...။

​"မို... မိုမိုလေး..."

​ကျွန်တော့်ရဲ့ အော်ခေါ်သံလေးဟာ သွေးပျက်တုန်ရီသွားပြီး တဖြည်းဖြည်း တိုးဖျော့သွားခဲ့ရတယ်။ ခြေထောက်တွေမှာ အားအင်တွေ လုံးဝမရှိတော့ဘဲ အဲဒီ သွေးအိုင်ရဲ့ ဘေးမှာတင် ဒူးထောက်လျက် လဲကျမိသွားတော့တယ်။

​"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် မိုမိုလေးရယ်... မကာကွယ်ပေးနိုင်ခဲ့ဘူး... တောင်းပန်ပါတယ်..."

​ကျွန်တော် မိုမိုလေးရဲ့ အေးစက်နေတဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ အတင်းဆွဲဖက်ရင်း သွေးရူးသွပ်ခနဲ အဆက်မပြတ် တောင်းပန်ရင်း ငိုကြွေးနေမိတယ်။ ရုတ်တရက်... နှလုံးသားတစ်ခုလုံး ဒေါသနဲ့ မုန်းတီးမှုတွေ လွှမ်းမိုးသွားပြီး ကျွန်တော့်မျက်လုံးတွေ နီမြန်းလာခဲ့တယ်။ သိုလှောင်ရုံထဲက ကောက်ရတဲ့ ဓားတစ်ချောင်းကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆွဲကိုင်ပြီး ဧည့်ခန်းထဲက ဆောင်ချယ်ဝန်းဆီကို ကျွန်တော် ပြေးသွားမိတော့တယ်။

​"ခင်ဗျား... ခင်ဗျားကို ကျွန်တော် သတ်ပစ်မယ်!!! ခင်ဗျားကို သေလုမတတ် မုန်းတယ်!!!" ကျွန်တော် ဓားကိုဝှေ့ယမ်းပြီး အော်ဟစ်မိတယ်။

​အဲဒီအချိန်မှာပဲ ဆောင်ချယ်ဝန်းရဲ့ သက်တော်စောင့် ဘော်ဒီဂတ်အချို့က သိုလှောင်ရုံထဲက မိုမိုရဲ့ အလောင်းကို အပြင်ကို သယ်ထုတ်သွားတာကို မြင်လိုက်ရတယ်။

​"မိုမို!!! မိုမိုကို ဘယ်ခေါ်သွားမလို့လဲ!!! ချပေးခဲ့စမ်း!!!"

​ကျွန်တော် မိုမိုနောက်ကို ရူးသွပ်မတတ် ပြေးလိုက်ဖို့ လုပ်ပေမဲ့၊ ဧည့်ခန်းထဲက ကျန်တဲ့ သက်တော်စောင့် လူနှစ်ယောက်က ကျွန်တော့်ကို နောက်ကနေ အတင်းချုပ်နှောင်ပြီး တားဆီးထားလိုက်ကြတယ်။ ရုန်းကန်ရင်း၊ ငိုကြွေးရင်းနဲ့ပဲ အားအင်တွေ အကုန်ကုန်ခမ်းသွားပြီး ကျွန်တော့်ရဲ့ မျက်စိရှေ့ ကမ္ဘာကြီးဟာ မှောင်အတိ ကျသွားကာ သတိလစ်လဲကျသွားခဲ့ရပါတော့တယ်။

​မျက်လုံးတွေ ပြန်ပွင့်လာတဲ့အချိန်မှာတော့... ကျွန်တော်က ကိုယ့်အခန်းထဲက ကုတင်ပေါ်မှာ လဲလျောင်းနေရက်သား။ ဘေးနားမှာတော့ အဖေဖြစ်သူက စိုးရိမ်တကြီး ထိုင်နေခဲ့တယ်။

​"မင်းဂျယ်... မင်း သတိရလာပြီလား။ အဆင်ပြေရဲ့လား..."

​အဖေရဲ့ အသံကို ကြားလိုက်ရမှ ကျွန်တော့်ရဲ့ သတိဉာဏ်တွေ ပြန်လည်ပွင့်လင်းလာပြီး၊ မိုမိုလေးရဲ့ အဖြစ်ဆိုးကို သတိရကာ အဖေရဲ့ လက်မောင်းကို အတင်းဆွဲပြီး အော်ဟစ်တိုင်ကြားမိတော့တယ်။

​"အဖေ!!! အဲဒီမိန်းမ... ဆောင်ချယ်ဝန်းက မိုမိုကို ရိုက်သတ်ပစ်လိုက်ပြီ အဖေရဲ့!!! သူမက တကယ့် မိစ္ဆာမ!!! ကျွန်တော့်ကို ကူညီပါဦး အဖေ!!!"

​ဒါပေမဲ့ အဖေက သက်ပြင်းတစ်ချက်ချပြီး ကျွန်တော့်လက်ကို ဖြည်းဖြည်းချင်း ဖြုတ်ချလိုက်တယ်။

"မင်းဂျယ်... စိတ်အေးအေးထားစမ်းပါ။ ချယ်ဝန်းက ပြောတယ်... မိုမိုက အစားမှားပြီး သူ့ဘာသာသူ သေသွားတာတဲ့။ သူမကပဲ သနားလို့ ကောင်းကောင်းမွန်မွန် မြေမြှုပ်ပေးလိုက်တာ...။ မင်းက မိထွေးကို မလိုချင်တာနဲ့ပဲ... သူမအပေါ် ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသင့်ဘူးလေ..."

​"ဘာ... ဘာရယ်...!!"

​ကျွန်တော် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် စိတ်တိုသွားမိတယ်။ အဖေက သူမဘက်ကပဲ ပါနေတုန်းပဲ။ အဲဒီအချိန်မှာ... အခန်းတံခါးထောင့်ကနေ သနားစရာ မျက်နှာပေးလေး လုပ်ပြီး၊ အဖေကွယ်ရာမှာတော့ ကျွန်တော့်ကို ကြည့်ပြီး ကြိတ်ပြုံးပြနေတဲ့ ဆောင်ချယ်ဝန်းကို မြင်လိုက်ရတယ်။ ကျွန်တော် ဒေါသစိတ်ကို မထိန်းနိုင်တော့ဘဲ ကုတင်ပေါ်ကနေ ဝုန်းခနဲ ထပြေးပြီး သူမကို အတင်း တွန်းချပစ်လိုက်တော့တယ်။

​ဝုန်း...!!

​ဆောင်ချယ်ဝန်းက ကြမ်းပြင်ပေါ် လဲကျသွားတဲ့အခါ အဖေက ထိတ်လန့်တကြားနဲ့ သူမကို ပြေးထူပြီး ပွေ့ဖက်ချော့မော့တော့တယ်။ ပြီးတော့ ကျွန်တော့်ဘက်ကို ဒေါသမျက်လုံးကြီးတွေနဲ့ လှည့်ကြည့်ကာ အော်တော့တယ်။

​"မင်းဂျယ်!!! မင်း ညီလေးရတော့မှာ သိရဲ့သားနဲ့... ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ!!! အခုလို လုပ်တဲ့ မင်းရဲ့လက်ကို... ငါကိုယ်တိုင် ပညာပေးရမယ်!!!"

​အဖေက ဒေါသတကြီးနဲ့ ကျွန်တော့်ရဲ့ ညာဘက်လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး အားနဲ့ ဇွတ်လိမ်ချိုးပစ်ခဲ့တယ်။

​ခရွတ်...!!!

​"အား...!!!"

​အတောမသတ်နိုင်တဲ့ နာကျင်မှုကြောင့် ကျွန်တော် အော်ဟစ်မိရင်း ကြမ်းပြင်ပေါ် ခွေကျသွားခဲ့ရတယ်။ အဖေက ဆရာဝန်ခေါ်ပြီး ကျွန်တော့်လက်ကို ဂျစ်ပတ်တီး (ကျောက်ပတ်တီး) စည်းပေးခိုင်းလိုက်တယ်။ အားငယ်ပြီး နာကျင်လွန်းလို့ ငိုနေတဲ့ ကျွန်တော့်ကို ကြည့်ပြီး အဖေက စိတ်တိုစွာနဲ့ နောက်ဆုံးစကားကို ဆိုခဲ့တယ်။

​"မင်း ဘာလို့ ငါ့ကို ဒုက္ခတွေပဲ ပေးနေရတာလဲ မင်းဂျယ်...။ ငါလည်း မိသားစုအသစ်လေးနဲ့ အေးအေးဆေးဆေး နေချင်တယ်လေ။ သေဆုံးသွားတဲ့ မင်းအမေကို မမေ့နိုင်သေးရင်လည်း... မင်းပါ သူမရဲ့နောက်ကို လိုက်သွားသင့်တယ်!!!"

​ထိုစကားကို ရက်စက်စွာ ချန်ထားခဲ့ပြီး အဖေက အခန်းပြင်ကို ထွက်သွားတယ်။ အခန်းထဲမှာ ကျွန်တော်နဲ့ ဆောင်ချယ်ဝန်းပဲ ကျန်ခဲ့တဲ့အချိန်... သူမက သဘောကျစွာနဲ့ ရယ်မောရင်း ကျွန်တော့်အနား တိုးကပ်လာတယ်။

​"ကြားတယ်မလား မင်းဂျယ်... နင့်အဖေပြောတာ။ မင်းလည်း မြန်မြန် ထွက်သွားသင့်ပြီ..." သူမက ဖုန်းတစ်လုံးကို ထုတ်ပြီး ကျွန်တော့် မျက်စိရှေ့မှာ ပြတယ်။ "ပြီးတော့... ဒီပုံကိုသာ နင့်အဖေ မြင်ရင် ဘယ်လို တုံ့ပြန်မလဲ တွေးကြည့်စမ်းပါဦး..."

​ဖုန်းမျက်နှာပြင်ပေါ်မှာ... ကျောင်းအပြန်လမ်းက ကော်ဖီဆိုင်လေးထဲမှာ ဟာဂျွန်းက ကျွန်တော့်ကို မြတ်နိုးတန်ဖိုးထားစွာနဲ့ နမ်းနေတဲ့ ပုံရိပ်တွေ ရှိနေခဲ့တယ်။ ကျွန်တော့်ရဲ့ ဒေါသတွေက ငယ်ထိပ် ရောက်သွားပြီး၊ တစ်ကိုယ်လုံး လန့်စိတ်တွေ ဝင်လာကာ အသက်ရှူရပ်မတတ် ဖြစ်သွားရတယ်။

​"ခင်ဗျား... ခင်ဗျား ဘယ်လိုသိတာလဲ!!! ကျွန်တော့်နောက်ကို လူတွေ လွှတ်ထားတာလား!!!"

​ဆောင်ချယ်ဝန်းက တခိခိ ရယ်မောတယ်။ "မင်းဂျယ်... မင်းက ငယ်ပါသေးတယ်။ ငါ့ကိုလာပြီး မလွန်ဆန်နဲ့။ နင်က ငါ့ဗိုက်ထဲက ကလေးထက် ပိုပြီး နေရာရနေလို့ မရဘူး။ နင်သာ မရှိရင် ဒီအိမ်က ပိုင်ဆိုင်မှုတွေအကုန် ငါနဲ့ ငါ့ကလေးပဲ ရမှာ...။ နင့်အဖေကရော ဘယ်လောက်အထိ အသက်ရှင်ဦးမယ် ထင်လို့လဲ..."

​သူမရဲ့ ယုတ်မာမှုတွေကို သည်းမခံနိုင်တော့တဲ့အဆုံး... ကျွန်တော် ဘယ်လက်နဲ့ သူမရဲ့ ပါးပြင်ကို အားကုန်လွှဲပြီး ဖြတ်ရိုက်ချပစ်လိုက်တယ်။

​ဖြန်း...!!!

​"အား...!!!" ဆောင်ချယ်ဝန်းက အလန့်တကြားနဲ့ အော်ဟစ်ငိုယိုပြီး ကြမ်းပြင်ပေါ် လဲကျဟန်ဆောင်လိုက်တယ်။

​သူမရဲ့ ငိုသံကြောင့် အဖေက အခန်းထဲကို အလန့်တကြား ပြန်ပြေးဝင်လာတယ်။ ဆောင်ချယ်ဝန်းက အဖေ့ကို ဖက်ပြီး ချက်ချင်းပဲ စကားတွေ လိမ်ညာပြောတော့တယ်။

​"ရှင့်သားက... ကျမက သူ့ကို ဂရုစိုက်ဖို့ လာပြောတာကို...။ သူ အခုတလော ကျောင်းမှာ ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးတစ်ယောက် (ဟန်ဆိုဟီး) ကို အနိုင်ကျင့်နေတယ်လို့ ကြားလို့... ရှင်သိရင် စိတ်တိုမှာစိုးလို့ ကျမကပဲ မသိအောင် ဆူပူနေတာပါ။ ဒါကို သူက ကျမကို ဒီလို ပါးချလိုက်လိမ့်မယ်လို့ မထင်ထားဘူး...။ သူ့အမေရင်းကိုပဲ အမေလို့ သတ်မှတ်နေတာ... ကျမက သူ့ကို တကယ်ချစ်တာပါ ရှင်..."

​အဖေက ဒီစကားကို ကြားလိုက်ရတဲ့အခါ မျက်လုံးတွေ ပြူးကျလာပြီး ကျွန်တော့်ကို ကြည့်တယ်။

"မင်းဂျယ်!!! မင်း ဒီအိမ်ပေါ်က ဆင်းမလား၊ ဂျာမနီကိုပဲ ပြန်မလား၊ ဒါမှမဟုတ်... မင်းအမေနောက်ပဲ လိုက်မလား!!! ငါ့ကို အရှက်မခွဲပါနဲ့တော့!!!"

​"အဖေ!!! ကျွန်တော် ဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူး!!! အားလုံးက အလိမ်အညာတွေ!!!" ကျွန်တော် ငိုပြီး အော်တယ်။

​"ဒါဆို... ဒီနေ့ မင်းခန္ဓာကိုယ်က ဒဏ်ရာတွေက ကျောင်းမှာ ရန်ဖြစ်လာတာ မဟုတ်ရင် ဘာလဲ!!! မင်း လွန်လာပြီနော် မင်းဂျယ်!!!"

​ဖြန်း...!!!

​အဖေ့ရဲ့ ပြင်းထန်လွန်းတဲ့ ပါးရိုက်ချက်တစ်ခုက ကျွန်တော့်ရဲ့ ပါးပြင်ပေါ်ကို ကျရောက်လာခဲ့တယ်။ အရှိန်ကြောင့် ကျွန်တော့်ရဲ့ ပါးစပ်ထဲက သွေးစတွေနဲ့အတူ သွားတစ်ချောင်းက ကြမ်းပြင်ပေါ်ကို ကျွတ်ကျသွားခဲ့ရတယ်။ အဖေနဲ့ မိထွေး ထွက်သွားပြီးတဲ့နောက်... အဲဒီညတစ်ခေါင်းလုံး ကျွန်တော် ကုတင်ပေါ်မှာ တစ်ယောက်တည်း ကွေးကွေးလေး အထီးကျန်စွာနဲ့ ငိုကြွေးရင်း မနက်မိုးလင်းခဲ့ရပါတော့တယ်။

​နောက်ရက် မနက်... ကျွန်တော် ဒဏ်ရာဒဏ်ချက်တွေ၊ ဂျစ်ပတ်တီး အဖြူကြီးနဲ့ ကျောင်းကို ဖျတ်ဖျတ်လူးပြီး ပြန်လာခဲ့တယ်။ နေ့လည်စာစားချိန်မှာ... ကျွန်တော့်ကို တစ်လနီးပါးလောက် လျစ်လျူရှုထားခဲ့တဲ့၊ အသည်းမာလှပါတယ်ဆိုတဲ့ ဟာဂျွန်းက ကျွန်တော့်ရဲ့ လက်ကို မြင်ပြီး စိုးရိမ်တကြီးနဲ့ ရှေ့က ပိတ်ရပ်ကာ လာမေးခဲ့တယ်။

​"မင်းဂျယ်... မင်းလက်က ဘာဖြစ်တာလဲ..."

​သူ့ရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး... ကျွန်တော် ရင်ခွင်ထဲက နာကျင်မှုတွေအကုန်လုံးကို ငိုပြီး တိုင်ပြောချင်မိတာပေါ့။ 'မိုမိုလေး မရှိတော့ဘူး ဟာဂျွန်းရယ်... မိထွေးက ငါ့ကို နှိပ်စက်တယ်... အဖေက ငါ့လက်ကို ချိုးပစ်ပြီး သွားကျိုးတဲ့အထိ ရိုက်တယ်...' လို့ ပြောပြပြီး သူ့ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ငိုပစ်ချင်မိတယ်။

​ဒါပေမဲ့... အခု ကျွန်တော့် မျက်စိရှေ့မှာ မြင်နေရတဲ့ ဟာဂျွန်းက... အရင်က ကျွန်တော် သိခဲ့၊ ယုံကြည်ခဲ့တဲ့ ဟာဂျွန်း မဟုတ်တော့ဘူး။

​သူ့ရဲ့ သဝန်တိုမှုတွေကြောင့် ဟန်ဆိုဟီးကို အနိုင်ကျင့်ဖို့ လမ်းဖွင့်ပေးခဲ့တဲ့သူ၊ ကျွန်တော် ဝိုင်းထိုးခံနေရတုန်းက သစ်ပင်ရိပ်ကနေ အေးစက်စက် ရပ်ကြည့်နေခဲ့တဲ့သူပဲ မဟုတ်လား။

​ကျွန်တော်သာ အကုန်ပြောပြပြီး ဖက်ငိုလိုက်ရင်... သူက အော်ရယ်ပြီး လှောင်ပြောင်နေမလား။ ကျွန်တော် နာကျင်နေတာကိုကော သူ တကယ် ဂရုစိုက်ပါ့မလား။ သူ့အတွက်ကတော့ အားလုံးက ဟာသတွေပဲ ဖြစ်နေမှာမလား။ သူ စိတ်ပါရင် အနမ်းတွေပေးပြီး ချဉ်းကပ်လာတတ်ပြီး၊ သူ စိတ်တိုရင်တော့ ရန်သူတွေနဲ့ပေါင်းပြီး အနိုင်ကျင့်တတ်တဲ့... အဲဒီလို လူစားမျိုးပဲ မဟုတ်လား။

​သေချာ တွေးကြည့်မှ... ဟာဂျွန်း ကိုယ်တိုင်ကလည်း ကျွန်တော့်ကို ရက်စက်စွာ အနိုင်ကျင့်နေခဲ့တဲ့ သူတွေထဲက တစ်ယောက်ပါပဲ။

​အဲဒီလို အတွေးတွေ ဝင်လာတဲ့ အခါမှာတော့... ကျွန်တော့်ရင်ထဲမှာ ရှိသမျှ မျှော်လင့်ချက် အလင်းတန်းလေးတွေ အကုန်လုံး ကွယ်ပျောက်သွားခဲ့ရတယ်။ ကျွန်တော် ဘာစကားတစ်လုံးမှ ဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟာဂျွန်းရဲ့ စိုးရိမ်တကြီး မေးခွန်းတွေနဲ့ အကြည့်တွေကို... ဘာမှမမြင်၊ ဘာမှမကြားရတဲ့ သူစိမ်းတစ်ယောက်လိုပဲ မသိမသာ ဟန်ဆောင်ပြီး၊ သူ့ဘေးကနေ ဖြည်းဖြည်းချင်း ကျော်ဖြတ်ကာ ဝေးကွာရာဆီသို့ လျှောက်လှမ်းသွားခဲ့ပါတော့တယ်။

Download

Like this story? Download the app to keep your reading history.
Download

Bonus

New users downloading the APP can read 10 episodes for free

Receive
NovelToon
Step Into A Different WORLD!
Download NovelToon APP on App Store and Google Play