မနက်ခင်းအစ၏ လေထုသည် ယနေ့အတွက်တော့ ထူးခြားစွာ လေးလံထိုင်းမှိုင်းလို့ နေခဲ့သည်။ ဟွမ်တိုင်းပြည်၏ ညီလာခံခန်းမကြီးအတွင်းရှိ ရွှေပလ္လင်ထက်တွင် ဧကရာဇ် ယဲ့ဟန်သည် ပျင်းရိပျင်းတွဲဟန်ဖြင့် မေးကို လက်ဝါးတစ်ဖက်ဖြင့် ထောက်ကာ ထိုင်နေသည်။ သူ၏ ခပ်မှောင်မှောင် မျက်ဝန်းအစုံက မှိတ်ထားသော်လည်း၊ ပလ္လင်လက်ရန်းကို လက်ချောင်းတစ်ချောင်းဖြင့် “တောက်... တောက်...” ဟု ပုံမှန်စည်းချက်အတိုင်း ခေါက်နေခြင်းက အမတ်များ၏ တင်ပြချက်များကို စိတ်မရှည်စွာ နားထောင်နေကြောင်း ပြသနေ၏။
ထိုစဉ် အဆောင်တော်အပြင်ဘက်မှ နန်းတွင်းအစောင့်တစ်ဦး၏ အံ့သြတကြီး အပြေးအလွှား ဝင်ရောက်လာမှုကြောင့် ယဲ့ဟန်၏ ပိတ်ထားသော မျက်ဝန်းအစုံ ခပ်ဖျတ်ဖျတ် ပွင့်လာခဲ့သည်။
“အရှင်မင်းကြီး... ကျွန်ုပ်တို့ရဲ့ အရှေ့ဘက်ဖုန်းလင်တိုင်းပြည် က မင်းသား ဖုန်းကျိရုန့်နဲ့ မင်းသမီးလေး ဖုန်းထင်ထင်တို့ဟာ ရတနာလက်ဆောင်ပစ္စည်းများစွာ၊ ခြံရံသူအစေခံအပြည့်နဲ့ ဝေါယာဉ်တော်တွေနဲ့အတူ နန်းတော်တံခါးဝကို ရောက်ရှိလို့ ဝင်ခွင့်တောင်းခံနေပါတယ်ဘုရား!”
”ဝင်လာခိုင်းလိုက် "
ယဲ့ဟန်ထံမှ ခွင့်ပြုမိန့် ရသည်နှင့် တစ်ပြိုင်နက် ခန်းမကျယ်ကြီးထဲသို့ အရှေ့ဘက်တိုင်းပြည်၏ တော်ဝင်သွေးများ ဝင်ရောက်လာကြသည်။ အစောင့်အရှောက်များနှင့် သေတ္တာအပြည့် ထည့်ထားသော လက်ဆောင်ပစ္စည်းများအလယ်တွင် ရှေ့ဆုံးမှ လျှောက်လာသူမှာ မင်းသား ဖုန်းကျိရုန့်နှင့် မင်းသမီးလေး ဖုန်းထင်ထင်တို့ ဖြစ်ကြသည်။
အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသော မင်းသမီးလေး ဖုန်းထင်ထင်သည် ဝိုင်းစက်သောမျက်နှာလေးနှင့် တောက်ပသော မျက်လုံးကြီးကြီးလေးများ ရှိပြီး၊ လွန်စွာ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော အသွင်ပြင် ရှိသည်။ မင်းသား ဖုန်းကျိရုန့်ကမူ ယဲ့ဟန်နှင့် ရွယ်တူဖြစ်ပြီး တည်ငြိမ်လေးနက်သော မျက်ဝန်းများအစား နှုတ်ခမ်းထောင့်တွင် အမြဲလိုလို အပြုံးတစ်ခု ခိုတွဲနေတတ်ကာ ဖော်ရွေသော အငွေ့အသက်ကို ဆောင်ထားသည်။
“ဟွမ်တိုင်းပြည်ရဲ့ ဧကရာဇ်ကို ဂါရဝပြုပါတယ်” ဖုန်းကျိရုန့်က သံတမန်ဆန်စွာ အလေးပြုရင်း သူ၏ခမည်းတော် ပေးသနားလိုက်သော ရွှေရောင်စာလွှာကို လှမ်းပေးလိုက်သည်။ “ဒါက ကျွန်ုပ်တို့ ဖုန်းလင်တိုင်းပြည် ရဲ့ မဟာမိတ်ကမ်းလှမ်းချက်နဲ့ ညီမတော် ထင်ထင်ကို အရှင်မင်းကြီးနဲ့ စေ့စပ်ကြောင်းလမ်းပေးဖို့ ခမည်းတော် ဧကရာဇ် ဖုန်းဟိုင်ရုန် ရဲ့ ဆန္ဒစာလွှာပါပဲ”
ယဲ့ဟန် ခဏမျှ စဉ်းစားလိုက်သည်။ ဖုန်းလင်တိုင်းပြည်သည် စည်ပင်ဝပြောပြီး စစ်မက်ရေးရာတွင် ထူးချွန်သူများ ပေါများလှသည်။ သူ နန်းတက်ပြီးစ အချိန်တွင် ထိုသို့သော အင်အားကြီးတိုင်းပြည်နှင့် မဟာမိတ်ရရှိခြင်းက နိုင်ငံရေးအရ အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။ သို့သော် သူ၏ နှုတ်ခမ်းများက အေးစက်စွာ ပွင့်ဟလာခဲ့သည်။
“မင်းသားဖုန်း... ငါကိုယ်တော်ရဲ့ နန်းတော်မှာ မိဘုရားခေါင်ကြီး လင်ရှု ရှိနှင့်နေပြီးသားမို့၊ မင်းသမီးလေး ဖုန်းထင်ထင်ကိုတော့ အဆင့်မြင့်ကိုယ်လုပ်တော် ရာထူးသာ ပေးအပ်နိုင်လိမ့်မယ်”
ဖုန်းကျိရုန့်က စိတ်ဆိုးခြင်းမရှိဘဲ လှိုက်လှိုက်လဲလဲပင် ရယ်မောကာ လက်ခံလိုက်သည်။
“အရှင်မင်းကြီးမှာ မိဘုရားခေါင်ရှိတာကို ကျွန်ုပ်သိပါတယ်၊ ပြီးတော့ အရှင်က မိဘုရားအပေါ် ဘယ်လောက် ချစ်မြတ်နိုးကြောင်းလည်း ကြားသိရပါတယ်။ ကျွန်ုပ်တို့က တိုင်းပြည်ချင်း မဟာမိတ်ဖြစ်ဖို့သာ အဓိကမို့... အဆင့်မြင့်ကိုယ်လုပ်တော် ရာထူးကို ဝမ်းမြောက်စွာ လက်ခံပါတယ်”
မင်းသမီးလေး ဖုန်းထင်ထင်ကတော့ တက်ကြွလှုပ်ရှားသော ကောင်မလေးပီပီ အချစ်ရေးထက် နန်းတော်အသစ်ကို ပတ်ကြည့်ဖို့သာ စိတ်အားထက်သန်နေပုံရသည်။ သူမသည် လင်ရှုနှင့် ယှဉ်ပြိုင်ကာ ယဲ့ဟန်၏အချစ်ကို လုယူမည့် မိန်းမမျိုး မမဟုတ်ကြောင်း ထင်ရှားလှသဖြင့် အမတ်များအားလုံးကလည်း ထိုစေ့စပ်ပွဲကို ဝိုင်းဝန်းထောက်ခံကြပြီး၊ လက်ထပ်ပွဲမတိုင်ခင်အထိ သူတို့မောင်နှမကို ဟွမ်နန်းတွင်း၌ပင် ခဏတစ်ဖြုတ် နေထိုင်ရန် စီစဉ်ပေးလိုက်ကြသည်။
🌸 - နှင်းပန်းပင်အောက်က မထင်မှတ်ထားသော ဆုံစည်းမှု
ထိုနေ့ ညနေပိုင်းတွင် နန်းတော်၏ လေထုက ခပ်အေးအေး တိုက်ခတ်နေသည်။ အေးချမ်းမှုကို နှစ်သက်သော မင်းသား ဖုန်းကျိရုန့်သည် နန်းတော်တွင်း ရှုခင်းများကို တစ်ဦးတည်း လှည့်လည်ကြည့်ရှုရင်း တိတ်ဆိတ်လွန်းသော အဆောင်တော်တစ်ခုဘက်သို့ ခြေဦးလှည့်လာခဲ့မိသည်။
ထိုနေရာတွင်... ဖြူဖွေးသော နှင်းပန်းပင်ကြီးတစ်ပင် ရှိပြီး၊ ထိုအပင်အောက်တွင် စားပွဲငယ်တစ်ခုနှင့်အတူ မင်ယွီ ရှိနေခဲ့သည်။
မင်ယွီသည် ဖြူစွတ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ကောင်းကင်ယံနှင့် ဆိတ်ငြိမ်မှုကို ရှုစားရင်း ရေနွေးကြမ်းကို အေးအေးလူလူ သောက်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ လေတစ်ချက် အဝှေ့တွင် ဖြူဖွေးသော နှင်းပန်းပွင့်လေးများက လွင့်စင်ကျလာသလို၊ မင်ယွီ၏ နက်မှောင်နူးညံ့သော ဆံနွယ်အချို့ကလည်း လေထဲတွင် ခပ်ဖွဖွ လွင့်မျောသွားသည်။ ထိုဝတ်စုံဖြူအောက်က ကျော့ရှင်းပြီး ဖြူဝင်းနေသော လည်တိုင်လှလှလေးနှင့် ကမ္ဘာဦးနတ်သားတစ်ပါးကဲ့သို့ တည်ငြိမ်လွန်းသော အလှတရားကြောင့်... ဖုန်းကျိရုန့်သည် ခြေလှမ်းများ တန့်သွားကာ မျက်တောင်မခတ်တမ်း ငေးမောမိသွားရသည်။
တစ်စုံတစ်ဦး ရောက်နေကြောင်း ရိပ်မိသွားသော မင်ယွီ့က သံသယမျက်ဝန်းအစုံဖြင့် ဝေ့ကြည့်လိုက်သည်။ မျက်နှာစိမ်းတစ်ဦး ဖြစ်နေသဖြင့် မင်ယွီ့က ထိုင်နေရာမှ ယဉ်ကျေးစွာ ထရပ်လိုက်၏။
ဖုန်းကျိရုန့်က သတိပြန်ဝင်လာပြီး သူ၏အဆင့်အတန်းကို မိတ်ဆက်လိုက်သည့်အခါ၊ မင်ယွီ့သည် ရှေးယခင် ဘုရင်တစ်ပါးအဖြစ် ကြီးပြင်းခဲ့သည့် အမူအရာအတိုင်း အလွန်အဆင့်အတန်းရှိပြီး ကျော့ရှင်းသော ဂါရဝပြုခြင်းမျိုးဖြင့် တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
“ကျွန်တော်မျိုး နာမည်... ရှောင်းမင်ယွီ ပါ”
ဖုန်းကျိရုန့် ထိတ်ခနဲ ဖြစ်သွားသည်။ စောစောက အသံက ယောက်ျားလေးတစ်ယောက်၏ အသံ ဖြစ်နေ၍ ဖြစ်သည်။ ‘ဟင်... ယောက်ျားလေးလား...’ ဖုန်းကျိရုန့် ရင်ထဲတွင် အံ့သြခြင်းနှင့်အတူ ထူးခြားသော ရင်ခုန်သံတစ်ခုက ဖြတ်ပြေးသွားသည်။ ထို့ပြင် ‘ရှောင်းမင်ယွီ’ ဆိုသည့် နာမည်ကြောင့်လည်း တွေဝေသွားမိသည်။ နန်းကျဘုရင်၏ နာမည်နှင့် တူနေ၍ ဖြစ်သည်။ သို့သော်... နန်းကျဘုရင်တစ်ပါးက နန်းတော်ထဲမှာ ပန်းပင်ရိပ်အောက် အေးအေးလူလူ ရေနွေးကြမ်းသောက်ရင်း စာဖတ်နေနိုင်ပါ့မလား၊ အခုလောက်ဆို သေတောင် သေနေလောက်ပြီပေါ့ ဟု တွေးကာ နာမည်တူရုံသာ ထင်မှတ်လိုက်သည်။
ဖုန်းကျိရုန့်သည် သဘာဝအတိုင်း ရွှတ်နောက်နောက် နေတတ်သူပီပီ မင်ယွီ့ကို စိုက်ကြည့်ရင်း ပြုံးလိုက်သည်။
“မင်ယွီ... မင်းရဲ့အလှက ထူးခြားလွန်းလို့ ငါ့မှာ မိန်းမောပြီး တစ်ကမ္ဘာလုံး ရပ်တန့်သွားသလိုတောင် ဖြစ်သွားရတယ်ဗျာ”
မင်ယွီ့သည် ထိုကဲ့သို့ စနောက်ခြင်းကို မနှစ်သက်သဖြင့် မျက်ခုံးလေးများ အနည်းငယ် တွန့်ကွေးကာ စိတ်ဆိုးသလို မျက်နှာလေးဖြင့် ပြန်စိုက်ကြည့်လိုက်သည်။ ထိုအမူအရာလေးက ဖုန်းကျိရုန့်၏ ရင်ထဲကို အသည်းယားစရာ ကောင်းလောက်အောင် ယားကျိကျိ ဖြစ်သွားစေ၏။ မင်ယွီ့ကတော့ စိမ်းစိမ်းကားကားနှင့် ရင်းရင်းနှီးနှီး မနေချင်သဖြင့် စကားကို ဖြတ်ကာ “ကျွန်တော်မျိုး ခွင့်ပြုပါဦး” ဟု ဆိုကာ အဆောင်ထဲသို့ ခပ်မြန်မြန် ဝင်ရောက်သွားတော့သည်။
သူတိူ့မသိလိုက်တာက ထိုမြင်ကွင်း ကို မင်ယွီရဲ့အဆောင်စီလာနေတဲ့ ယဲ့ဟန်ကိုယ်တိုင် မြင်လိုက်သည်ဆိုတာကိုပင်ဖြစ်သည်။ ယဲ့ဟန်သည် လမ်းတစ်ဝက်တွင် လှည့်ပြန်ကာ စိတ်ထဲတွင် သဘောမကျမှုတွေနဲ့ သဝန်တို စိတ်တွေ ရောထွေးနေသည် ။ ”ဒီနေ့မှ တွေ့တဲ့ သူနဲ့ သူကရင်းရငိးနှီးနှီးတောင် စကားပြောရဲတယ်ပေါ့လေ "ဟုတွေးကာ အပြန်လမ်းတွင် စိတ်အလိုမကျဖြစ်နေခဲ့သည် ။ သို့သော် သူတို့ရဲ့ ပြောနေသောအကြောင်းရာကို သူမကြားခဲ့ရချေ။
👑 လင်ရှု၏ မနာလိုမှုနှင့် ယဲ့ဟန်၏ ကတိစကား
အရှေ့ဘက်တိုင်းပြည်မှ မင်းသမီးနှင့် ယဲ့ဟန် လက်ထပ်တော့မည်ဟူသော သတင်းသည် မိဘုရားခေါင် လင်ရှု၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။ လင်ရှုသည် ဒေါသနှင့် ဝမ်းနည်းမှုများ ပေါင်းစပ်ကာ သူမ၏ အဆောင်တော်ထဲတွင် ငိုယိုပူဆာနေတော့သည်။
ယဲ့ဟန် ရောက်လာသောအခါ လင်ရှုက သူ၏ရင်ခွင်ထဲ တိုးဝင်ကာ မျက်ရည်များဖြင့် တားဆီးသည်။ ယဲ့ဟန်က သက်ပြင်းခပ်ဖွဖွချရင်း လင်ရှု၏ ပခုံးလေးနှစ်ဖက်ကို ကိုင်ကာ မျက်ဝန်းချင်းစုံအောင် ကြည့်ပြီး စိတ်ရှည်စွာ ရှင်းပြရတော့သည်။
“လင်ရှု... ကိုယ်တော်က နိုင်ငံရေးအရ၊ တိုင်းပြည်ရဲ့ အင်အားအတွက်ပဲ အဲ့ဒီမင်းသမီးကို ကိုယ်လုပ်တော်အဖြစ် လက်ခံလိုက်တာ။ မင်းသမီး ဖုန်းထင်ထင်က ကလေးပဲ ရှိသေးတယ်၊ သူက ဆော့ကစားဖို့ပဲ အာရုံရှိတာ။ ကိုယ်တော်နဲ့ သူနဲ့ကြားမှာ ဘာအချစ်မှ ရှိလာမှာ မဟုတ်ဘူး”
ယဲ့ဟန်က လင်ရှု၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်ကာ ညင်သာစွာ ချော့မော့လိုက်သည်။
“ကိုယ်တော့်ရင်ထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါ... လင်ရှု”
ထို တီတီတာတာ ချော့မော့စကားများ ကြားရမှ လင်ရှု စိတ်အေးသွားပြီး ယဲ့ဟန်၏ ရင်ခွင်ထဲသို့ တင်းကျပ်စွာ ဖက်ထားလိုက်ရင်း ကတိတောင်းတော့သည်။ “အရှင် မင်းသမီးရဲ့ အဆောင်ကို ဘယ်တော့မှ မသွားဘူးလို့ ကတိပေးပါ”။ ယဲ့ဟန်ကလည်း လင်ရှု စိတ်ကျေနပ်စေရန် သူမကို ဘယ်တော့မှ ထိတွေ့မှာ မဟုတ်ကြောင်း ကတိပေးကာ ချော့မြူပြီးနောက် သူ၏ အိပ်ဆောင်သို့ ပြန်ခဲ့သည်။
🍷 - ကြိုဆိုပွဲ ညစာစားပွဲနှင့် သိက္ခာချခြင်း
နောက်တစ်နေ့ ညနေတွင် မင်းသားနှင့် မင်းသမီးကို ကြိုဆိုသော တော်ဝင်ပွဲတော်ကို အလွန်ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။ ခန်းမကျယ်ကြီးအတွင်း ဝိုင်ကောင်းများ၊ အရသာရှိသော ဟင်းပွဲများဖြင့် ပြည့်နှက်နေပြီး လှပသော ကချေသည်မိန်းကလေးများက တူရိယာသံများနှင့်အတူ ကပြဖျော်ဖြေနေကြသဖြင့် စည်ကားလှသည်။
မိဘုရားခေါင် လင်ရှုသည် မင်ယွီ့ကို လူပုံအလယ်တွင် သိက္ခာချရန် ရည်ရွယ်ချက်ဖြင့်၊ ယဲ့ဟန်ထံမှ ကြိုတင်ခွင့်ပြုချက်ရယူကာ မင်ယွီ့အား ပွဲတော်၏ ဝေယျာဝစ္စများနှင့် စပျစ်ဝိုင်ငှဲ့ရန် အစေခံတစ်ဦးအဖြစ် ညစာစားပွဲ ခန်းမ၏ ထောင့်စွန်းတစ်နေရာတွင် မတ်တတ်ရပ် စောင့်ဆိုင်းစေခဲ့သည်။
ယဲ့ဟန်သည်လည်း မနေ့ညကမြင်ကွင်းကြောင့် မင်ယွီအပေါ် အနည်းငယ်စိတ်ခုနေသောကြောင့် လင်ရှုတောင်းဆိုတာကိုလက်ခံလိုက်မိသည်။
ပလ္လင်ထက်တွင် ဧကရာဇ် ယဲ့ဟန်၏ ဘေး၌ လင်ရှုသည် လှပကျော့ရှင်းသော မိဘုရားဝတ်စုံကြီးကို ဝတ်ဆင်ကာ ဂုဏ်ယူဝင့်ကြွားစွာ ထိုင်နေသည်။ အောက်က စားပွဲတွင် ထိုင်နေသော မင်းသမီးလေး ဖုန်းထင်ထင်သည် မိဘုရားခေါင်နှင့် ပြဿနာမဖြစ်ချင်သဖြင့် လင်ရှု၏ အလှအပကို ချီးမွမ်းကာ ယဲ့ဟန်နှင့် အလွန်လိုက်ဖက်ကြောင်း ကလေးတစ်ယောက်လို ရိုးသားစွာ ပြောရှာသည်။ လင်ရှုသည် ထိုစကားကြောင့် ပို၍ ဂုဏ်တက်ကာ စိတ်အေးသွားခဲ့သည်။
သို့သော်... လင်ရှု၏ မျက်ဝန်းများက ခန်းမ၏ ထောင့်စွန်းတွင် ခေါင်းငိုက်စိုက်ချကာ မတ်တတ်ရပ်နေသော မင်ယွီ့ကို မြင်လိုက်ရသည့်အခါ မုန်းတီးစိတ်များက ရုတ်ချည်း ခေါင်းထောင်ထလာခဲ့သည်။ လင်ရှုသည် မင်ယွီ့ကို လူပုံအလယ်တွင် သိက္ခာချပစ်ချင်သဖြင့် အသံကျယ်ကျယ်ဖြင့် မိန့်လိုက်သည်။
“ကြားရသလောက်တော့ ရှောင်းမင်ယွီက စောင်းတီး အလွန်ကျွမ်းကျင်တယ်ဆိုပဲ။ ဒီနေ့လို ပျော်စရာပွဲနေ့မှာ ငါတို့အားလုံး ဖျော်ဖြေမှုအသစ် ရအောင် ရှင်ပဲ စောင်းထွက်တီးပေးပါလား”
ထိုစကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ နန်းကျဘုရင်တစ်ပါးအား လူအများရှေ့တွင် ကချေသည်တစ်ယောက်လို ဖျော်ဖြေခိုင်းခြင်းက အဆုံးစွန်သော သိက္ခာချခြင်း ဖြစ်သည်။ မင်ယွီ့မျက်နှာလေး ဖြူလျော်သွားကာ ရင်ထဲ နာကျင်သွားရပြီး... ဧကရာဇ် ယဲ့ဟန်အား တားမြစ်ပေးပါရန် အကူအညီတောင်းသော မျက်ဝန်းအစုံဖြင့် လှမ်းကြည့်မိသည်။
ယဲ့ဟန် မင်ယွီ့ကို ကြည့်လိုက်မိသော်လည်း၊ လူပုံအလယ်တွင် မိဘုရားခေါင်၏ အမိန့်ကို အခြေအမြစ်မရှိ ငြင်းပယ်လိုက်ပါက လင်ရှု၏ အာဏာနှင့် ဂုဏ်သိက္ခာ ကျဆင်းသွားမည်ကို တွေးမိသည်။ လင်ရှုသည် သူ ဒုက္ခရောက်ချိန်ကတည်းက အတူရှိပေးခဲ့သော မိန်းကလေးမို့ သူ တန်ဖိုးထားရသည်။ ထို့ပြင် မင်ယွီကို မကျေနပ်သောစိတ်တို့ကရောထွေးနေသောကြောင့် ယဲ့ဟန်က မင်ယွီ့ကို အာဏာသံပြင်းပြင်းဖြင့် ကြိမ်းမောင်းလိုက်သည်။
“မိဘုရားရဲ့ အမိန့်ကို မကြားဘူးလား! မင်း ဘာလို့ မထွက်လာသေးတာလဲ!”
မင်ယွီ ရင်ဘတ်ထဲ နင့်ခနဲ ခံစားလိုက်ရကာ မျက်ဝန်းများ ဝိုင်းစက်သွားသည်။ သူ တုန်တုန်ယင်ယင်ဖြင့် ထွက်လာခဲ့ပြီး ကချေသည်တစ်ဦး ပေးအပ်သော စောင်းကို ကိုင်ကာ တီးခတ်ဖျော်ဖြေရတော့သည်။ မင်ယွီ၏ လက်ချောင်းနုနုလေးများကြားမှ ထွက်ပေါ်လာသော သံစဉ်သည် လွန်စွာ သာယာနာပျော်ဖွယ်ကောင်းပြီး၊ နက်ရှိုင်းသော ဝမ်းနည်းမှု ခံစားချက်ကို ပေးစွမ်းသည်။
မင်းသား ဖုန်းကျိရုန့်သည် မျက်တောင်ခတ်ဖို့ပင် မေ့ကာ မင်ယွီ့ကိုသာ စွဲလန်းစွာ စိုက်ကြည့်နေမိသည်။ မင်ယွီ စောင်းတီးနေရင်း ဖုန်းကျိရုန့်၏ ပြုံးစိပြုံးစိ အမူအရာနှင့် အကြည့်တို့ကို မြင်သဖြင့် စိတ်အာရုံ မပျံ့လွင့်စေရန် မျက်လုံးလွှဲလိုက်သော်လည်း၊ နောက်တစ်ကြိမ် မျက်လုံးချင်း ဆုံမိချိန်တွင် ဖုန်းကျိရုန့်က “သိပ်နားထောင်ကောင်းတယ်” ဆိုသည့် သဘောဖြင့် ရွှတ်နောက်နောက် အမူအရာလေး လုပ်ပြလိုက်သည်။
ထိုအမူအရာကြောင့် မင်ယွီသည် ဘာကြောင့်မှန်းမသိ ရင်ထဲ ပေါ့ပါးသွားကာ သတိမထားမိဘဲ နှုတ်ခမ်းထောင့်လေး ကွေးရုံမျှ ဖွဖွလေး ပြုံးမိသွားသည်။ ကြီးမားသော ဘဝအလှည့်အပြောင်းကြောင့် ငိုကြွေးနေခဲ့ရသော မင်ယွီသည် ဖုန်းကျိရုန့်၏ ရယ်စရာမျက်နှာပေးကြောင့် ပထမဆုံးအကြိမ် ပြုံးလိုက်မိခြင်း ဖြစ်ပြီး၊ ထို ပေါ့ပါးသော အငွေ့အသက်ကို ရင်ထဲတွင် ရင်းနှီးသွားမိသည်။
⚡ - ဧကရာဇ်၏ ဒေါသနှင့် တောင်းဆိုမှု
သို့သော် ကံမကောင်းစွာပင်... ထိုနှစ်ယောက်ကြားက အကြည့်ချင်းဆုံပြီး ပြုံးလိုက်ကြသည့် အချိတ်အဆက်ကို ယဲ့ဟန် မြင်ဖြစ်အောင် မြင်သွားခဲ့သည်။
ယဲ့ဟန်၏ မျက်ဝန်းများ ဒေါသကြောင့် နီမြန်းလာပြီး လက်ထဲက အရက်ခွက်ကို အားဖြင့် ညှစ်ပစ်လိုက်ရာ ခွက်က ကွဲအက်သွားသည်။ ထို့နောက် သူသည် စားပွဲကို “ဒိုင်း!!!” ဟု အားပြင်းစွာ ထုချလိုက်ပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တော့သည်။
“ရပ်စမ်း!!! ဒီအစေခံက ဘာလို့ အဲ့လောက် ဆိုးဝါးတဲ့ ဂီတကို တီးနေရတာလဲ!”
ခန်းမတစ်ခုလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။ ဒီလောက်ကောင်းမွန်လှသော ဂီတကို အရှင်မင်းကြီးက ဘာကြောင့် အလိုမကျ ဖြစ်ရသနည်းဟု လူစုလူဝေးက တီးတိုးဆိုကြသည်။ ယဲ့ဟန်က စားပွဲပေါ်က အစားအသောက်များကို ဘေးသို့ ဖယ်ထုတ်ပစ်ကာ မင်ယွီ့ကို လက်ညှိုးငေါ့ငေါ့ထိုးပြီး အော်တော့သည်။
“မင်းက နန်းကျဘုရင် ဖြစ်နေတာတောင် ငါကိုယ်တော်က သနားလို့ အသက်ရှင်ခွင့် ပေးထားတာကို... ငါ့မိဘုရားက မင်းကို ဖျော်ဖြေခိုင်းတာကို မကျေနပ်လို့ ဒီလို အစားအသောက်တောင် ပျက်စေမယ့် တီးလုံးမျိုးနဲ့ လာပြီး ကလန်ကဆန် လုပ်နေတာလား! အစောင့်တွေ! ဒီကောင်ကိုခေါ်သွားပြီး အအေးချုပ်ခန်းထဲမှာ ပိတ်ထားလိုက်စမ်း!”
မင်းသမီးလေး ဖုန်းထင်ထင်နှင့် မင်းသား ဖုန်းကျိရုန့်တို့၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။ ‘နန်းကျဘုရင်... ရှောင်းမင်ယွီ တကယ်ပဲလား...’။ ဖုန်းကျိရုန့်သည် နန်းကျဘုရင်အကြောင်း ကြားဖူးသော်လည်း ဒီလောက်အထိ ချောမောကျော့ရှင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အခု ယဲ့ဟန်က သနားလို့ အသက်ရှင်ခွင့် ပေးထားရုံဖြစ်ပြီး လက်ရှိတွင် "အစေခံ" တစ်ဦးအဆင့်သာ ရှိသည်ဆိုလျှင်... သူ ပြန်လျှင် ခေါ်သွားချင်စိတ်များ တားမနိုင်ဆီးမရ ဖြစ်ပေါ်လာသည်။
ဖုန်းကျိရုန့်သည် ရုတ်တရက် ထရပ်လိုက်ပြီး ယဲ့ဟန်ကို စိုက်ကြည့်ကာ အရဲစွန့်ကာတောင်းဆိုလိုက်တော့သည်။
“အရှင်မင်းကြီး... အခု လက်ရှိ အစေခံဖြစ်နေတဲ့ နန်းကျဘုရင် မင်ယွီကို ကျွန်ုပ်အား ပေးသနားပါ!”
ခန်းမတွင်းရှိ လူအားလုံး၏ မျက်လုံးများက ဖုန်းကျိရုန့်ထံ စူးစိုက်သွားကြသည်။ ယဲ့ဟန်သည် ဒေါသငယ်ထိပ် ရောက်သွားကာ ထိုအလိုက်ကန်းဆိုးမသိသော မင်းသားကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
“မင်းသားဖုန်း... ငါကိုယ်တော်က မင်းရဲ့ ညီမကို လက်ထပ်ဖို့ ကတိပေးပြီးပြီ။ အခု မင်းက ငါအရှင် ပိုင်ဆိုင်တဲ့ အစေခံကိုပါ ထပ်တောင်းရဲတယ်ပေါ့! ငါ့အပိုင်ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး! မနက်ဖြန် မင်းသမီး ဖုန်းထင်ထင်ကို တရားဝင် ကိုယ်လုပ်တော်အဖြစ် ခန့်အပ်စာ ပို့လိုက်မယ်။ ပွဲတော်ကို ဒီမှာတင် အဆုံးသတ်တယ်!”
ယဲ့ဟန်သည် ဒေါသတကြီးဖြင့် ပွဲမှ ထွက်ခွာသွားသည်။ လင်ရှုက အမြန်ပြေးလိုက်ကာ ယဲ့ဟန်၏ လက်ကို လှမ်းဆွဲသော်လည်း ယဲ့ဟန်က သူမလက်ကို ခါထုတ်ပစ်လိုက်ပြီး အေးစက်စွာ ပြောသည်။
“မိဘုရား... မင်း ဒီမှာပဲ ဧည့်သည်တွေကို ဆက်ပြီး ဧည့်ခံလိုက်ပါ။ ကိုယ်တော့်နောက်ကို လိုက်မလာနဲ့!”
လင်ရှုသည် ယဲ့ဟန်၏ မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေသော ပုံစံကို ကြောက်လန့်သဖြင့် အဆောင်သို့ ပြန်ထိုင်နေခဲ့ရသော်လည်း ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်သွားသည်။ မင်ယွီ့ကို တောင်းတာကို ယဲ့ဟန်က ဘာကြောင့် အဲ့လောက်အထိ ဒေါသတကြီး ငြင်းပယ်ရသနည်း။ သူမအတွက် ကျတော့ ခုနကတင် မင်ယွီ့ကို ဆူပူကြိမ်းမောင်းပေးခဲ့သည် မဟုတ်ပါလား။
ထိုစဉ် အပါးတော်စေ ချွေ့အာက လင်ရှု၏ အတွေးကို ရိပ်မိပုံရကာ နားနားကပ်ပြီး ဖားယားကာ တိုးတိုးလေး လျှောက်တင်သည်။ “မိဘုရားမယ်မယ်... အရှင်မင်းမြတ်က မယ်မယ့်ကို အရမ်းချစ်တာပဲနော်။ မယ်မယ့်အတွက် မင်ယွီ့ကိုတောင် အစေခံလို့ လူပုံအလယ်မှာ အရှက်ခွဲပြီး ဆူပူကြိမ်းမောင်းပေးခဲ့တာပဲ မဟုတ်လား”။ ထိုစကား ကြားမှ လင်ရှု အနည်းငယ် ကျေနပ်သွားသော်လည်း စိတ်ထဲတွင်တော့ တစ်ခုခု ထင့်နေဆဲ ဖြစ်သည်။
အခန်း (၆) - အအေးချုပ်ခန်းအတွင်းမှ ရက်စက်မှုနှင့် အမှန်တရား
ယဲ့ဟန်သည် ဒေါသကြောင့် တုန်ယင်နေသော ခြေလှမ်းကျဲကြီးများဖြင့် အအေးချုပ်ခန်းထဲသို့ ဇွတ်အတင်း တိုးဝင်လာခဲ့သည်။ အခန်းတွင်းရှိ ကျောက်တိုင်တွင် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ ကြိုးဖြင့် တင်းကျပ်စွာ တုတ်နှောင်ခံထားရသည့် မင်ယွီ့ကို မြင်လိုက်ရသည့်တိုင် သူ၏မျက်ဝန်းထဲက မီးတောက်များက ငြိမ်းမသွားခဲ့။ မင်ယွီနှင့် ဖုန်းကျိရုန့်တို့ ညနေက ပန်းပင်အောက်တွင် တိတ်တိတ်ပုန်း ဆုံခဲ့ကြသည်ဟူသော အတွေး၊ ညစာစားပွဲတွင် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ကြသည့် ပုံရိပ်ကို တွေးမိတိုင်း ယဲ့ဟန်၏ ရင်ဘတ်တစ်ခုလုံး မနာလိုစိတ်ကြောင့် ပေါက်ကွဲမတတ် ခံစားနေရ၏။
သူသည် ဆာလောင်မွတ်သိပ်နေသော သားရဲတစ်ကောင်ကဲ့သို့ အစောင့်များလက်ထဲမှ ကြာပွတ်ကို ဆွဲလုယူကာ မင်ယွီ့ထံသို့ တရွတ်တိုက် ခြေလှမ်းလှမ်းလာခဲ့သည်။
“ရွှမ်း!!!”
အေးစက်အမှောင်ထုရိုင်းလှသော အခန်းတွင်း၌ လေထုကို ဖြတ်သန်းသွားသော ကြာပွတ်သံနှင့်အတူ မင်ယွီ့၏ ဝတ်စုံဖြူထက်တွင် သွေးစိမ်းရှင်ရှင် စီးကျလာသော ရာဇဝတ်ရာတစ်ခု ထင်ကျန်ရစ်သွားသည်။ မင်ယွီသည် နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး တွန့်လိမ်သွားကာ နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်ခဲထားရင်း... ဘာကြောင့်မှန်း နားမလည်နိုင်သော မျက်ဝန်းအစုံဖြင့် ယဲ့ဟန်ကို စိုက်ကြည့်ကာ ယောက်ျားပီပီ အံကြိတ်၍ အော်မေးမိသည်။
“ယဲ့ဟန်... ဘာလို့လဲ! ငါ့ကို ဘာလို့ ဒီလို လုပ်ရတာလဲ... ငါ ဘာအမှားလုပ်မိလို့လဲ!”
မင်ယွီ့ရင်ထဲ ကြေကွဲဆို့နင့်လှသည်။ မနေ့ကတင် သူ့ကို အခန်းအဆောင်ထဲတွင် အနုစိတ်စွာ ပွေ့ဖက်နမ်းရှုတ်ခဲ့ပြီး၊ ယနေ့ကျမှ လူပုံအလယ်တွင် စောင်းတီးခိုင်းကာ "အစေခံ" ဟု နှိမ့်ချအရှက်ခွဲရုံမက ယခုလို ရက်ရက်စက်စက် ရိုက်နှက်နေခြင်းက မိဘုရားခေါင် လင်ရှုကို စိတ်ကျေနပ်စေချင်ရုံသက်သက်လား ဟု တွေးကာ ရင်ဘတ်တစ်ခုလုံး နာကျင်ရသည်။
“ငါ့ရဲ့ တေးဂီတက မင်းနားထဲမှာ အဲ့လောက်တောင် ကလန်ကဆန် ဖြစ်နေရတာလား! ငါလည်း... မင်းရဲ့ မိဘုရား စိတ်အလိုကျအောင် လူပုံအလယ်မှာ အောက်ကျို့ပြီး အကောင်းဆုံး တီးပေးခဲ့တာပဲ မဟုတ်လား! ယဲ့ဟန်... ဖြေစမ်းပါ! ငါ ဘာလုပ်မိလို့လဲ!”
ယဲ့ဟန်သည် သွေးစွန်းနေသော ကြာပွတ်ကို ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ လွှင့်ပစ်လိုက်သည်။ ထို့နောက် မင်ယွီ့ထံ ချက်ချင်း တိုးကပ်ကာ သူ၏ ဆံနွယ်များကို လက်ခုပ်အပြည့် ရက်စက်စွာ ဆောင့်ဆွဲလိုက်ပြီး မျက်နှာချင်း နှာခေါင်းချင်း ထိလုနီးပါး ဆွဲကပ်ကာ သွားစွယ်တောက်မတတ် ဟိန်းဟောက်လိုက်တော့သည်။
“ဘာအမှားလဲ ဟုတ်လား! ရှောင်းမင်ယွီ... မင်းကို ငါက တစ်ခါလောက် အနမ်းပေးပြီး ရင်ခွင်ထဲ ထည့်မိတာနဲ့ မင်းက အရစ်တက်ပြီး ငါ့ခေါင်းပေါ် တက်ချင်နေတာလား! ညနေကတင် မင်းတို့ နန်းတော်နောက်ဖေးမှာ တိတ်တိတ်ပုန်း တွေ့ခဲ့ကြတာကို ငါကိုယ်တော် မသိဘူး ထင်နေလား! အခု ညစာစားပွဲမှာပါ လူပုံအလယ် မျက်စိချင်း စစ်ကစားပြပြီး အထှာပေးနေရဲတယ်ပေါ့! ပြောစမ်း... မင်း... သူနဲ့ အိပ်လိုက်ပြီးပြီလား! မင်းရဲ့ ခန္ဓာကိုယ်က ယောက်ျားတွေမရှိရင် မနေနိုင်လောက်အောင်ကို ရွထနေတာလား... ဟင်!!!”
ယဲ့ဟန်၏ စက်ဆုပ်ရွံရှာဖွယ် စကားလုံးများက မင်ယွီ့ရင်ဝကို ဓားထက်ထက်ဖြင့် အပိုင်းပိုင်း မွှန်းနေသကဲ့သို့ နာကျင်လှသဖြင့် မင်ယွီ့ မျက်ဝန်းအစုံ တုန်ယင်သွားသည်။ ယဲ့ဟန်က ဒေါသစိတ်ကြောင့် မျက်မှောင်ကြီး ကြုတ်ကာ ဆံပင်ကို ပိုမိုဆွဲညှစ်ရင်း ဆက်အော်သည်။
“ငါ့အနမ်းကို ရရုံနဲ့ မင်းလုပ်ချင်တာ လုပ်လို့ရမယ် မထင်နဲ့! လင်ရှုကသာ ငါတကယ် ချစ်တဲ့သူ... ငါ့ဘဝရဲ့ တစ်ဦးတည်းသော မိဘုရားခေါင်ပဲ! မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့! အခု ဖုန်းလင်တိုင်းပြည်က မင်းသားက မင်းကို ငါ့ဆီကနေ အတင်းတောင်းနေတာ... မင်းတို့ကြားမှာ အောက်လမ်းနည်းနဲ့ ငြိစွန်းမထားရင် သူက ဒီလို တောင်းပါ့မလား!”
“ဘာ... ငါ့ကို တောင်းတယ် ဟုတ်လား...” မင်ယွီ့ မျက်ဝန်းများ အံ့သြလွန်းသဖြင့် ဝိုင်းစက်သွားကာ ချက်ချင်း ငြင်းဆန်ရန် ပြင်သော်လည်း၊ ယဲ့ဟန်က မသိချင်ယောင်ဆောင်ကာ လိမ်ညာနေသည်ဟု ထင်မှတ်ကာ မင်ယွီ့၏ ပါးပြင်လှလှလေးကို လက်ဝါးဖြင့် ဖြတ်ခနဲ ရိုက်ချလိုက်သည်။
“ဖြန်း!!!”
“အား... ယဲ့ဟန်... ငါတကယ် ဘာမှမသိဘူး! ငါ့ကို ယုံပါ!”
“မင်း ရိုးသားချင်ယောင်ဆောင်တာ အရင်ကတည်းက အခုထိပဲ မြေခွေးလိုကောင်!” ယဲ့ဟန်က အော်ဟစ်ရင်း မင်ယွီ့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ “တစ်လောကလုံးက ယောက်ျားတွေကို မြှူဆွယ်နိုင်တဲ့ မိန်းမလျာရုပ်နဲ့ မွေးလာပြီး... မင်းရဲ့ မျက်နှာကြောင့် အသိတရားပျောက်ပြီး အထိန်းချုပ်ခံရမယ့်အထဲ ငါမပါဘူး! တစ်ကိုယ်ကောင်းဆန်တဲ့ကောင်... ငါ သေဖို့ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက မျှော်လင့်နေပြီး၊ စည်းစိမ်မက်မောလို့ ငါ့ရဲ့နေရာကို ယူရုံမကဘူး... ခု ငါ့ကို လှည့်စားပြီး တခြားယောက်ျားနဲ့ပါ အိပ်ရဲတယ်ပေါ့!”
“ယဲ့ဟန်... ငါ မလုပ်ဘူး!” မင်ယွီ့ ပါးစပ်ထောင့်မှ သွေးစိမ်းများ စီးကျလာရင်း မျက်ရည်များကြားက အမှန်တရားကို အော်ပြောတော့သည်။ “လင်ရှု မင်းကို ဘာတွေ လိမ်ပြောထားလဲ ငါမသိပေမဲ့... အဲ့ဒီနေ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ငါ့အဖေ ပုန်ကန်မယ့်ကိစ္စကို ငါ တကယ် ကြိုမသိခဲ့ဘူး! ငါ သိတဲ့အချိန်မှာ နောက်ကျသွားပြီ... ဒါကြောင့် မင်းကို ကယ်ထုတ်ဖို့ လင်ရှုကို ငါကိုယ်တိုင် သတင်းသွားပေးခိုင်းခဲ့တာ! အခုလည်း ငါ အဲ့ဒီမင်းသားနဲ့ ဘာမှမရှိဘူး!”
“ခွပ်!!!”
ယဲ့ဟန်သည် ဒေါသအရှိန်ကြောင့် မင်ယွီ့ပါးကို လက်သီးဖြင့် ထပ်မံ တွင်းချလိုက်ရာ မင်ယွီ့ မျက်နှာလေး ဘေးသို့ လည်ထွက်သွားကာ သွေးများ ပိုမိုစီးကျလာသည်။ ယဲ့ဟန်၏ မျက်ဝန်းများက ရူးသွပ်မှုနှင့် နာကျင်မှုများ ရောပြွမ်းနေသည်။
“လင်ရှုက ညာတယ်လို့ မင်းက ပြောချင်တာလား! မင်းက သတင်းပေးတယ် ဟုတ်လား... မင်းနဲ့ မင်းအဖေ ယုတ်မာတာကို လင်ရှုက ကြားလို့ ငါ့ကို အမြန်လာကယ်ထုတ်သွားတာကွ!”
“မဟုတ်ဘူး... ငါ သတင်းပေးလိုက်တာ! ငါ့အဖေ့ကို တားဖို့ ကြိုးစားခဲ့ပေမဲ့ ငါ့ကို မြေအောက်ခန်းထဲ ထည့်ပိတ်ထားလို့ပါ... ငါ့စကားကို ယုံစမ်းပါ ယဲ့ဟန်ရဲ့!”
“လိမ်နေတယ်!” ယဲ့ဟန်က ရူးသွပ်စွာ ထပ်အော်ပြန်သည်။ “လိမ်နေတယ်! တစ်လျှောက်လုံး ငါ့ကို လိမ်ခဲ့တာ! မင်းနဲ့ ဆုံတွေ့ခဲ့ရတာ ငါ့ဘဝရဲ့ အကြီးမားဆုံး ကံဆိုးခြင်းပဲ!”
ယဲ့ဟန်၏ မျက်ဝန်းများတွင် ဒေါသမျက်ရည်များ ရုတ်ချည်း ဝဲတက်လာသည်။ သူသည် မင်ယွီ့ကို လက်ညှိုးတည့်တည့်ထိုးကာ အသံများ တုန်ယင်စွာဖြင့် ရေရွတ်သည်။
“မင်းနဲ့ မဆုံတွေ့ခဲ့သင့်ဘူး... မင်းနဲ့ မရင်းနှီးခဲ့သင့်ဘူး... ဒါဆိုရင် ငါ မင်းကို အခု သတ်ပစ်လိုက်လို့ ရနေပြီ။ ဒါပေမဲ့ အခု ငါ... ငါ မင်းကို မသတ်နိုင်ဘူး ဖြစ်နေတယ်! မင်းပြော... ငါ ဘာလုပ်ရမလဲ! မင်းကို ငါမသတ်ဘဲ အခွင့်အရေးတွေ ပေးထားတယ်၊ အသက်ရှင်ဖို့ အစားကောင်းတွေ ကျွေးတယ်၊ အဝတ်အစားကောင်းတွေ ပေးတယ်၊ အလုပ်မခိုင်းဘူး။ မင်းက ငါတို့ရဲ့ ရင်းနှီးမှုကိုမထောက်ဘဲ ငါ့မိသားစု သေတာကို လက်ပိုက်ကြည့်နေခဲ့ပြီး... အခု ငါအခွင့်ရေး ပေးတဲ့အချိန်မှာတောင် တခြားသူနဲ့ ထပ်ပြီး ငြိစွန်းရဲတယ်!”
“ငါ မငြိစွန်းဘူးလို့ ပြောနေတယ်လေ!!!” မင်ယွီ ရင်ခေါင်းထဲကနေ အော်ဟစ်လိုက်သည်။ “လွန်ခဲ့တဲ့ ၁၀ နှစ်က ကိစ္စကို မင်းမယုံတာ ငါမတတ်နိုင်ဘူး... ပြီးခဲ့တာတွေ ပြီးပါပြီ။ ဒါပေမဲ့ အခု ငါ တကယ်ပဲ မင်းသား ဖုန်းကျိရုန့်နဲ့ ဘာအဆက်အသွယ်မှ မရှိဘူး!”
“ဒါဆို မင်းက ဘာလို့ သူ့ကို ရယ်ပြတာလဲ!!!” ယဲ့ဟန် တစ်ယောက် အော်ဟစ်ကာ မင်ယွီ့၏ ပါးပြင်နှစ်ဖက်ကို လက်ဖဝါးကြီးများဖြင့် အားပြင်းစွာ ဆွဲညှစ်ပစ်လိုက်သည်။ နာကျင်လွန်းသဖြင့် မင်ယွီ့ မျက်ဝန်းမှ မျက်ရည်များက ရွှေရောင်ပါးပြင်ထက် တရဟော စီးကျလာသည်။
“သူက... သူက ငါရယ်အောင် စနောက်တဲ့ မျက်နှာထား လုပ်ပြလို့ ငါ ရယ်မိတာပါ...” မင်ယွီ့အသံက ရှိုက်သံများကြောင့် ပြတ်တောက်နေသည်။ “အကြာကြီးနေမှ ငါ ပထမဆုံးအကြိမ် ရယ်မိတာ... ငါ့ဘဝမှာ ပထမဆုံးအကြိမ် ပေါ့ပါးသွားတာ ဘာမှားလို့လဲ! ငါလည်း လူပဲ... ငါလည်း ပျော်ရွှင်ချင်တယ်... ငါလည်း ရယ်မောချင်တယ်လေ... ယဲ့ဟန်ရဲ့!!!”
မင်ယွီသည် နာကျင်မှုနှင့် မခံမရပ်နိုင်မှုများကြောင့် ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးတော့သည်။ ထို ကြေကွဲစရာ ငိုသံကြောင့် ယဲ့ဟန်၏ ရင်ထဲ ဗြောင်းဆန်ကာ အရူးတစ်ယောက်လို ဖြစ်သွားရသည်။ သူ၏ မျက်နှာက ဒေါသမှသည် ရုတ်ချည်း ပူဆွေးမှုသို့ ပြောင်းလဲသွားပြီး၊ မင်ယွီ့၏ ပါးပြင်ကို မိမိ၏ နဖူးဖြင့် ခပ်ဖွဖွ ကပ်လိုက်ကာ လေသံကို ရုတ်ချည်းလျှော့ချ၍ တိုးညှင်းစွာ ဆိုလိုက်သည်။
“အချစ်ရယ်... မင်းက ကိုယ့်ကိုမဟုတ်ဘဲ... သူများကို ရယ်ပြတာကမှ အပြစ်လေကွာ။ မင်း ရယ်မောချင်ရင် ကိုယ့်ကြောင့်ပဲ ရယ်ရမယ်လေ...”
ယဲ့ဟန်သည် လက်သီးဒဏ်ကြောင့် နီရဲကာ သွေးစွန်းနေသော မင်ယွီ့ပါးပြင်ပေါ်က မျက်ရည်စက်များကို သူ၏ လျှာလေးဖြင့် အသာအယာ လျက်ယူလိုက်ပြီးနောက်... နှုတ်ခမ်းချင်း မဟုတ်ဘဲ နာကျင်နေသော ပါးပြင်လေးပေါ်သို့ ကရုဏာသက်စွာဖြင့် နူးညံ့လှသော အနမ်းတစ်ခုကို ခြွေလိုက်သည်။ ထို့နောက် မင်ယွီ့ကို ချည်နှောင်ထားသော ကြိုးများကို ဓားဖြင့် ခပ်မြန်မြန် ဖြည်ပေးလိုက်ပြီး အပြင်က အစောင့်များကို မင်ယွီ့အား အဆောင်သို့ ဂရုတစိုက် ပြန်ပို့ရန် အမိန့်ပေးကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင်... ယဲ့ဟန်၏ ကျောပြင်ကြီးကို ကြည့်ကာ မင်ယွီက တုန်တုန်ယင်ယင်နှင့် အားအင်ကုန်ခမ်းလုနီးပါး တိုးတိုးလေး ပြောလိုက်မိသည်။
“ယဲ့ဟန်... ငါ... ငါ မင်းကို ချစ်တာပါ...”
ယဲ့ဟန် ခြေလှမ်းများ ကျောက်ရုပ်ပမာ တန့်သွားသည်။ သူ မယုံကြည်နိုင်သော၊ နာကျင်ရီဝေသော မျက်ဝန်းအစုံဖြင့် မင်ယွီ့ကို လှည့်ကြည့်လိုက်သော်လည်း... ရင်ထဲက မုန်တိုင်းကြောင့် ဘာစကားမျှ မဆိုဘဲ အခန်းပြင်သို့ ဝုန်းခနဲ ထွက်ခွာသွားခဲ့တော့သည်။
ခွင့်မလွှတ်နိုင်သော အတိတ်နှင့် နှင်းဆီပုံပြင်
ယဲ့ဟန်သည် မင်ယွီ၏ စကားကို လက်မခံနိုင်သေးပေ။ သူ မင်ယွီ့ကို ချစ်ပါသည်ဟု မပြောနိုင်သလို၊ မင်ယွီနှင့်လည်း အတူဆက်မရှိချင်သေး။ သူ ဘဝတွင် ဆုံးရှုံးခဲ့ရသမျှအတွက် ခွင့်မလွှတ်နိုင်သေးပေ။ အကယ်၍ လွန်ခဲ့သော ၁၀ နှစ်က မင်ယွီသာ ခမည်းတော် ပုန်းအောင်းနေသည့်နေရာကို အမတ်ကြီးရှောင်းကို မပြောပြခဲ့လျှင် သူ၏ ခမည်းတော် သေဆုံးရမည် မဟုတ် (ယဲ့ဟန် ထိုသို့ ထင်မှတ်ထားဆဲ ဖြစ်သည်)။ မင်ယွီသည် သူ၏ မိသားစုကို သေစေပြီး ထီးနန်းစိုးစံခဲ့သည့်အပြင်၊ ယခုတိုင် အပြစ်များအတွက် နောင်တရဟန်မရှိဘဲ လင်ရှုအပေါ်ကိုပင် အပြစ်ပုံချနေသည်ဟု ယဲ့ဟန် တွေးမိသည်။
သူသည် ခြေဦးတည့်ရာ လျှောက်လာရင်း မိဘုရားခေါင် လင်ရှု၏ အဆောင်သို့ ရောက်လာခဲ့သည်။ အပါးတော်စေ ချွေအာက အရှင်မင်းကြီး ကြွလာကြောင်း ဝမ်းသာအားရ သတင်းပို့သဖြင့် လင်ရှုသည် ဝမ်းသာအားရ ပြေးဖက်ကာ “ယဲ့ဟန်...” ဟု ခေါ်ရှာသည်။
သူတို့နှစ်ဦး အိပ်ယာဝင်ရန် ဝတ်လဲတော်လဲပြီးနောက်၊ လင်ရှုသည် ကုတင်ပေါ်တွင် စိတ်လှုပ်ရှား ပျော်ရွှင်စွာဖြင့် စောင့်ကြိုနေသည်။ ယဲ့ဟန်သည် လင်ရှု ဘာကို မျှော်လင့်နေမှန်း သိသော်လည်း အသာအယာပင် လင်ရှု၏ ပေါင်ပေါ်သို့ ခေါင်းလေးအုံးကာ လှဲချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
“လင်ရှု... ကိုယ်တော် အရမ်းပင်ပန်းနေလို့။ အိပ်ယာဝင် ပုံပြင်လေးတစ်ပုဒ် ပြောပြပေးပါဦး... အိပ်ချင်ပြီ”
လင်ရှု အနည်းငယ် စိတ်ပျက်သွားသော်လည်း ယဲ့ဟန် မိမိအဆောင်သို့ ရောက်လာသည်ကိုပင် ဝမ်းသာလှသဖြင့် ယဲ့ဟန်၏ ဆံနွယ်များကို လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်ပေးရင်း အိပ်ယာဝင် ပုံပြင်တစ်ပုဒ်ကို တိုးညှင်းစွာ ပြောပြရှာသည်။
“ပုံပြင်ထဲမှာ... မင်းသားလေးတစ်ပါး ရှိတယ် အရှင်။ သူက သူ့ရဲ့ နှင်းဆီပန်းလေးကို အလွန်ချစ်မြတ်နိုးပြီး တန်ဖိုးထားတယ်။ ဒါပေမဲ့... အဲ့ဒီနှင်းဆီပန်းလေးက မင်းသားကို ဆူးတွေနဲ့ စူးစေရုံတင်မကဘဲ... တစ်ဖြည်းဖြည်း ညှိုးနွမ်းခြောက်သွေ့သွားပြီး တစ်နေ့မှာ ကြွေကျသွားခဲ့တယ်တဲ့...”
ယဲ့ဟန်သည် မျက်လုံးမှိတ်ထားရင်းကပင် အေးစက်စွာ ရေရွတ်လိုက်သည်။
“ကိုယ်တော်သာ အဲ့ဒီမင်းသားဆိုရင်... အဲ့ဒီပန်းလေး မကြွေကျခင်မှာပဲ... ကိုယ်တော့်လက်နဲ့ပဲ ကုတ်ဖြဲပြီး ခြွေပစ်လိုက်မှာ...”
လင်ရှု ခပ်ဖွဖွ ရယ်မောလိုက်သည်။ “ယဲ့ဟန်ရှင်... အဲ့ဒီလို ရက်စက်တတ်တဲ့ အတွေးတွေကို ကျွန်မနဲ့ ရှိနေတဲ့အချိန်မှာ ဖျောက်ထားပါဦးရှင်...”
ယဲ့ဟန် ဘာမှ ထပ်မပြောတော့ပေ။ သို့သော် သူ၏ စိတ်ထဲတွင်မူ... မင်ယွီ၏ မျက်နှာလေးကိုသာ ထင်ထင်ရှားရှား မြင်ယောင်နေမိသည်။
‘ငါကသာ အရူးလိုပါပဲ... မင်ယွီ။ မင်းကတော့ ငါ့ကို ငယ်ငယ်တုန်းကရော အခုထိရော လှည့်စားနေပြီး နောင်တလည်း မရဘူး။ အပြစ်တွေအတွက်လည်း မတောင်းပန်ဘူး ။ မင်းကို ငါ သတ်ပစ်ချင်တယ်... သတ်ပစ်မယ်လို့လည်း တစ်သက်လုံး ကြုံးဝါးခဲ့ပေမဲ့... တကယ်တမ်း ဆုံတွေ့ရတဲ့အခါ ငါ... ငါ မင်းကို မသတ်နိုင်ခဲ့ဘူး...’
ယဲ့ဟန်၏ ပိတ်ထားသော မျက်ဝန်းထောင့်မှ မျက်ရည်စက်တစ်စက်သည် လင်ရှု၏ ပေါင်ပေါ်သို့ ခပ်ဖွဖွ ကျဆင်းသွားသည်။
‘မင်းသာ ဒီလောကမှာ မရှိတော့ရင်... ငါလည်းပဲ သေဆုံးသွားလိမ့်မယ် ထင်တယ်... မင်ယွီ...’
ဧကရာဇ် ယဲ့ဟန်သည် ထို နာကျင်စရာ တွေးတောမှုများနှင့်အတူ ရင်ထဲက ဒဏ်ရာများကို ဖုံးကွယ်ရင်း... လင်ရှု၏ ပေါင်ပေါ်တွင် မျက်ရည်များနှင့်အတူ အိပ်ပျော်ခြင်းဆီသို့ နစ်မြုပ်သွားခဲ့တော့သည်။
***Download NovelToon to enjoy a better reading experience!***
Updated 10 Episodes
Comments